ချင်းရွှေဟော် စက်တင်ဘာ ၉
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေး စခန်းသို့ တရုတ်နိုင်ငံရှိ မြို့အသီးသီးတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၁၄၅)ဦး အား တရုတ်နိုင်ငံ နယ်ခြားစောင့် လူဝင်မှုစစ်ဆေးရေးဌာန၊ ရဲမှူး ကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့မှ ချင်းရွှေဟော်နှစ်နိုင်ငံ နယ်စပ်တံတားပေါ်တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ ယမန်နေ့ ညနေပိုင်းအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် တာဝန်ရှိ ဌာနဆိုင်ရာများက စိစစ်လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေ့ပြောင်းလုပ်သားများသည်တရုတ်နိုင်ငံ၊ ရှန်တုံမြို့ ငါးစက်ရုံ၊ မုန့်စက်ရုံ၊ အထည်စက်ရုံ၊ အိမ်အကူလုပ်ငန်းနှင့် လုံကွမ်မြို့ အိမ်အကူလုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်နေရာမှ နယ်မြေ ကျော်ဝင်ရောက်မှုဖြင့် ပြစ်ဒဏ်အသီးသီး ကျခံသူများ ဖြစ်ပြီး ပေကျင်းမြို့ရှိ မြန်မာသံရုံး၏ ကူညီဆောင်ရွက်ပေးမှု အရ ပြန်လည်လွှဲပြောင်းပေးခြင်းခံရသူများ ဖြစ်ပြီး ဟိုပန်မြို့နယ် အတွင်း နေထိုင်သူ အမျိုးသား(၉၀)၊အမျိုးသမီး (၅၅)၊ စုစုပေါင်း(၁၄၅)ဦး ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အားချင်းရွှေဟော်ပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာ သီဟ နှင့် ဝန်ထမ်းများကကျန်းမာရေး စစ်ဆေးပေးခြင်း ဆောင်ရွက်ခဲ့ပြီး လကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့မှ စစ်ဆေးချက်အရ လူကုန်ကူး လူကုန်ကူးခံရသည့် ဖြစ်စဉ်များ မရှိကြောင်းနှင့် လတ်တလော ရောဂါလက္ခဏာ များမတွေ့ရှိရသော်လည်း တရုတ်နိုင်ငံမှ ပြန်လာသူများဖြစ်၍ ချင်းရွှေဟော်မြို့ အဆုတ်ရောင် ကူးစက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီမှ စောင့်ကြည့်စစ်ဆေးမှုခံယူရန် ရပ်ကွက်(၃)ရှိ အခြေခံပညာအထက်တန်းကျောင်း ယာယီ Quarantine Center၊ သို့ ပို့ဆောင်ထားရှိပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကုသရေး ဦးစီးဌာနမှ သတ်မှတ်ရက်အတွင်း RDT Test Kit ဖြင့် ထပ်မံရယူ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ပြီး Negative ရလာဒ်ထွက်ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးတွင် ဆက်လက် Quarantine ဝင်ရောက်သွားရန် ပြန်လည် စေလွှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူမောင်မောင်(ပြန်/ဆက်)