ကော့သောင်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ကုန်ပစ္စည်းတင်မော်တော်ယာဉ်များအား မြို့အဝင်အထွက် ဂိတ်များတွင် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိ

 

 

ကော့သောင်း  စက်တင်ဘာ ၉

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နေ့ညအချိန်မရွေး မြို့သို့ဝင်ရောက်မည့် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များနှင့် ယာဉ်မောင်း နှင့်ယာဉ်နောက် လိုက်တို့အား အဓိက မြို့အဝင်အထွက်ဂိတ်တစ်ခုဖြစ်သည့် ဆယ်နှစ်မိုင်စစ်ဆေးရေးဂိတ်တွင် ရောဂါထိန်းချုပ်ရေး တာဝန်ရှိ ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

ကော့သောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မျိုးရိုးဗီဇ ပြောင်းလဲသော တတိယလှိုင်း ရောဂါကူးစက် ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအဖြစ် ဘုတ်ပြင်း၊ မြိတ်၊ထားဝယ်၊မော်လမြိုင်နှင့်ရန်ကုန်မြို့များ မှ ပြည်ထောင်စု လမ်းမကြီး အတိုင်း ကော့သောင်းမြို့သို့ ဝင်ရောက်လာသည့်ကုန်ပစ္စည်းတင် ယာဉ်အမျိုးမျိုးအား မြို့အတွင်းသို့ဝင်ရောက် မောင်းနင်ခွင့် မပြုဘဲ   မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ရပ်တန့်ထားရှိစေပြီး ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများအား  မြို့တွင်းသုံး မော်တော်ယာဉ်များဖြင့်ပြန်လည်ကဲ့ယူကာ သက်ဆိုင်ရာ ကုန်စည်ပို့ဆောင်မည့် နေရာသို့အမြန်ဆုံးတိုက်ရိုက်ပို့ဆောင်စေခြင်း၊ အခြားမြို့များမှ ဝင်ရောက်လာသည့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ အား မြို့တွင်းသို့ဝင်ရောက်ခွင့်မပြုဘဲ မြို့အဝင်ဂိတ်ရှိမိမိယာဉ်များပေါ်တွင်သာ နေထိုင်စေခြင်း၊  ပါးစပ်နှင့် နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင်စေခြင်း၊ ခရီးသွား ရာဇဝင်နှင့် ဆက်သွယ်ရန် လိပ်စာများရယူခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ/မရှိ RDT-Test Kit ဖြင့် စစ်ဆေးပေးခြင်းများကို ပူးပေါင်းအဖွဲ့မှ နေ့စဉ် ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

 

ထိုအပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မဖြစ်မနေခရီးသွားလာရသည့် သူပြည်သူတစ်ချို့အား  မြို့ဝင်/ထွက်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းအပြင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးခြင်းရှိမရှိအထောက်အထားများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာထောက်ခံချက်ပါရှိမှု ရှိ မရှိစစ်ဆေးခြင်း၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး ခရီးသွားလာခြင်း လျှော့ချရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်ရေး အသိပညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

 

ကျော်စိုး (ကော့သောင်း)