ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် နေသွားချင်၍ ကာကွယ်ဆေးလာရောက်ထိုးနှံခြင်းဖြစ်

မိုင်းယန်း     စက်တင်ဘာ      ၉

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ လားဟူတိုင်းရင်းသားများနှင့် လွယ်လတိုင်းရင်းသားများ နေထိုင်သည့် ပန်ဆောင်ကျေးရွာနှင့် ဝမ်အွိုက်ကျေးရွာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီက သတ်မှတ်ဆေးထိုးစုရပ်နေရာဖြစ်သည့် ပန်ဆောင်ကျေးရွာ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းဟောင်းတွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကျေးရွာအရောက် ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေးရာတွင် ဒေသခံပြည်သူတစ်ဦးက “ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် နေသွားချင်၍” ကာကွယ်ဆေးလာရောက်ထိုးနှံခြင်းဖြစ်ကြောင်း ရင်ဖွင့်ပြောပြသည်။

 

“ပထမဆုံးတစ်ချောင်းကာကွယ်ဆေးထိုးပြီးတဲ့နောက်ပိုင်းမှ ထမင်းစားကောင်းတယ်၊ နေကောင်းတယ်၊ ကျန်းမာတယ် ဘာမှပြဿနာမရှိဘူး ကိုက်ခဲတာလဲမရှိဘူး” ဟု ဝမ်အွိုက်ကျေးရွာနေ အွိုက်ခမ်းပွတ်က ပြောသည်။ “ဒုတိယအကြိမ်ထိုးခွင့်ရခြင်းအားဖြင့် ကျေးဇူးလဲတင်တယ် နောက်ပြီးတော့ အများကြီးလဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြစ်သွားမှာလဲ အဲလိုမျိုးရည်ရွယ်ထားပါတယ် ဒီလိုပဲရှေ့ဆက်ပြီးတော့ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ နေသွားချင်တယ် အဲလိုဖြစ်သွားရင်တော့ ပြည့်စုံလိမ့်မယ်ဗျ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးကြီးကြပ်(၁) ဦးကျော်သက်ပိုင် တို့က ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် မိုင်းလွေကျေးရွာအုပ်စု အတွင်းရှိ လားဟူတိုင်းရင်းသားများနှင့် လွယ်လတိုင်းရင်းသားများနေထိုင်သည့် ပန်ဆောင်ကျေးရွာ နှင့် ဝမ်အွိုက်ကျေးရွာတို့ရှိ   သံဃာတော်များ၊ အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများ စနစ်တကျ ဆောင်ရွက်ပြီး ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ သည်။

 

မိုင်းယန်းမြို့နယ်တွင် ဩဂုတ် ၂၈ ရက်နေ့မှ စက်တင်ဘာ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၁၆၇၁)ဦးရှိကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)