တိုက်ကြီး စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်သူများအား ဦးစားပေး ဦးတည်အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ ရှမ်းစုရပ်ကွက်ရှိ ဒဂုံဆိပ်ကမ်း (၂) အထည်ချုပ် စက်ရုံ ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်က ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး(Sinovac) ပထမအကြိမ် ထိုးနှံခြင်းကို တာဝန်ရှိသူများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်သော အဖွဲ့က အထည်ချုပ်စက်ရုံမှ ဝန်ထမ်း (၁၇၂) ဦးအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinovac)ကို ( ပထမအကြိမ်)ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက ်ခဲ့ရာ ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်းတို့ ဆောင်ရွက်ပေးပြီး ပုံမှန် အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီး နောက် နာရီဝက်ခန့် စောင့်ကြည့်ခြင်း တို့ကို ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့ပါသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းအောင်၊ အဖွဲ့ဝင် (၂) ဦးမောင်မောင်လတ် တို့က လာရောက်ကြည့်ရှု၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
စန်းကလျာခိုင်