ပုဗ္ဗသီရိ စက်တင်ဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အား ဩဂုတ်လ(၂၉)ရက်နေ့မှစတင်၍ ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အ-ထ-က (၂၀)တွင် ထိုးနှံပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသူများကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)မထိုးမီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏ တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေး ထိုးရန် ကျန်းမာရေးကောင်း မွန်သူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။
ပုဗ္ဗသီရိမြို့နယ်အနေဖြင့် သံဃာတော်(၁၆) ဦး၊ အသက်(၆၅)နှစ်အထက် အသက်ကြီးရွယ်အို (၁၀၄)ဦး၊ နိုင်ငံ့ဝန်ထမ်း (၁၂၀)ဦး၊ ကျန်းမာရေးဝန်ထမ်း (၁)ဦး၊ နိုင်ငံဝန်ထမ်းမိသားစု (၂၃၃)ဦး၊ စက်ရုံ /အလုပ်ရုံ ဝန်ထမ်း (၂၁)ဦး စုစုပေါင်း(၄၉၅)ဦးတို့ကို မြို့နယ်ခုတင်(၅၀)ဆံ့ဆေးရုံအုပ် ဒေါက်တာသိမ့်သိမ့်ထွေး၊ တပ်မတော် ဆေးအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)