ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအည်းအဝေးကို ကိုဗစ်-၁၉ စည်းကမ်း ချက်နှင့် အညီကျင်းပ

ဘားအံ စက်တင်ဘာ

ကရင်ပြည်နယ်ဒေသဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ချောမွေ့စေပြီး ဌာနဆိုင်ရာများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်မှုနှင့် ထပ်မံထိုးနှံပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များကို ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေး ဆရာဒကာ ညီညွှတ်မျှတစွာဖြင့် ဖြေရှင်းသွားဖို့ လိုကြောင်း၊ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများ၊ ဈေးများ၊ အများပြည်သူဆိုင်ရာနေရာများတွင် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးကို ဆောင်ရွက်ကြဖို့လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများတွင် သတ်မှတ် စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီးဖို့လိုကြောင်း၊ သဘာဝကြောင့် ပျက်စီးဆုံးရှုံးမှုနည်းအောင် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားကြ ရမည်ဖြစ် ကြောင်း၊ ငွေကြေးသုံးစွဲရာတွင် စေ့့စပ်သေချာကြပ်မတ် ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ထပ်ဆင့်ဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက် ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေပေး အပ်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျေးဇူးတင်အမှာစကားပြောကြားသည်။

ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် သုံးပြုရန်အတွက် ငွေကျပ် ၂၁၆၀၀၀၀၀ (နှစ်ရာ တစ်ဆယ့် ခြောက်သိန်း) တန်ဖိုးရှိ ဆန်အိတ်(၈၀၀)အိတ်ကို ဗိုလ်မှူးစိန်မြင့်နှင့်ဇနီးတို့က ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ဗိုလ်မှူးစိန်မြင့်က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း