ဇေယျာသီရိ၊ စက်တင်ဘာ ၉
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့်တတ်နိုင်သမျှ အိမ်တွင်း ၌သာ နေထိုင်ခြင်းနေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ မိမိတို့ နေအိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည် ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်းကိုတပ်ဆင်ထားစေခြင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း(၄၂၀၄၀၂)ဦးရှိပြီးဖြစ်ကာ (၃၆၈၀၆၆)ဦးမှာ ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ကြောင်းသိရသည်။ သို့ပါ၍ ဇေယျာသီရိမြို့နယ်အတွင်းမှကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည် ကောင်းမွန်လာသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ကိုချစ်မင်းဦး
ဂရုဏာရှင်လူမှုကူညီရေးအသင်း
ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်
“ကျွန်တော်စဖြစ်တာက ညဘက်လူနာပို့ပြီးပြန်လာတော့နှာ စစေးတယ်၊ ညဘက်အိပ်မရဘူး၊ မနက်လူနာပို့ပြီး ပြန်လာတော့ အသက်ရှုကျပ်သလိုဖြစ်တာနဲ့၊ မြို့နယ်ဆရာဝန်ဆီဖုန်းဆက်ပြီး စစ်ဆေး တော့ positive ဖြစ်တာပဲ၊ ပြီးတော့တော့ ပုဗ္ဗသီရိ ခုတင်၅၀ရောက်သွားတယ်။ positive ဖြစ်သွား တော့ ပုံမှန်စား၊ ဆေးတောင်မလိုပါဘူး အဓိက စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုတယ်၊ အိပ်ရေးဝဝအိပ်တယ် ၊ ဆေးရုံရောက်မှအနံ့ပျောက်တယ် ၃ရက်လောက် တော့ကြာတယ်၊ လူကတော့ပုံမှန်တိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်တယ် ၊ ၁၁ရက်ကြာခဲ့တယ်၊ ကြက်ပေါင်း ရည်တော့သောက်တယ် ထမင်းများများစားတယ် အနံ့ပျောက်လည်းစားတယ် ၊ အရသာ ပျောက်လည်းစားတယ် ဘာဖြစ်နေဖြစ်နေစားတယ်၊ အဲ့ဒါကြောင့် လဲမြန်မြန်သက်သာလာတာပါ၊ ကိုဗစ် ကာကွယ်ဆေးထိုးထားတာကြောင့်လဲ ရောဂါဝေဒနာ မခံစားရတာ လဲပါတယ်၊ အခြားသောမိဘပြည်သူတွေကိုလဲ ပြောချင်တာက နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ် ကာကွယ် ဆေးတွေကို ဦးစားပေးအလိုက်ထိုးပေးနေတာဆိုတော့ ကိုဗစ်ဆေးကိုထိုးကြပါ ဒါမှလဲ ရောဂါကူးစက်ခံ ရရင်တောင် အမြန်ဆုံးပျောက်ကင်းပြီး ကိုဗစ် ရောဂါလဲကာကွယ်ထိန်းချုပ်ရေး လုပ်နိုင်မှာဖြစ်ပါတယ်။”
ဒေါ်သီတာအေး
ဗောဓိမြိုင်ကျေးရွာ၊ ဇေယျာသီရိမြို့နယ်
“စဖြစ်တာနေထိုင်မကောင်းတာက နေစဖြစ်တာ၊ ဖျားပြီးတော့ ခုတင် ၅၀ ကိုသွားစစ်တော့ ခုတင် တစ်ထောင်သွားရမယ်ပြောတော့ သွားစစ်တော့ positive ဖြစ်တာပဲ၊ စည်ပင်ဧည့်ရိပ်သာမှာသွား နေရတယ်၊ စည်ပင်ဧည့်ရိပ်သာမှာ ကိုယ့်လိုပဲ positive လူနာတွေတွေ့တော့အားရှိတာပေါ့၊ ရောဂါလည်း မပြင်းထန်တော့ ကိုယ့်ဘာသာကိုပဲ အားရှိအောင်အားဆေး တွေသောက်တယ်၊ အသက်ရှုလေ့ကျင့်ခန်း တွေ လုပ်ဖြစ်တယ်၊ အစားအသောက်ပျက်တယ်၊ မစားချင်လဲစားချင်လဲစား၊ အားရှိအောင်နေတယ်၊ သက်ရှုလေ့ကျင့်ခန်း လုပ်ဖြစ်တယ်၊ ကာကွယ်ဆေးတော့ထိုးမထားဘူး၊ ခုထိုးနေတော့လဲ သွေးတိုးက ရှိတော့ မထိုး ရဘူးတဲ့ဆိုလို့ မထိုးဖြစ်ဘူး၊ တစ်ခြားသူတွေကိုတော့ ကိုဗစ်-၁၉ကကြောက်စရာ ကောင်း ပေမဲ့ ပုံမှန်စား ပုံမှန်အိပ်အားရှိအောင်နေရင် ဘာမှမဖြစ်ပါဘူးလို့ပြောချင်ပါတယ်။”
ဦးသိန်းဇော်
ရွှေတွင်းကုန်းကျေးရွာ၊ ဇေယျာသီရိမြို့နယ်
ကျွန်တော်ကအနံ့ပျောက်တာ၊ ချောင်းဆိုးပြီး ၃ရက်လောက်နေတော့ အနံ့ပျောက်တာပဲ ညနေပိုင်းကြီး ဘယ်ကကူးလည်းဆိုတာတော့မသိဘူးဗျာ၊ စစ်ပြီး positiveဆိုတာသိတာပဲ၊ မကြောက်ပါဘူးဗျာ လူတိုင်းဖြစ်နေတာပဲ၊ ကိုယ်တစ်ယောက်တည်းမှမဟုတ်တာ၊ ကျွန်တော်ကတော့ ပုဗ္ဗသီရိခုတင် ၃၀၀ မှာဆေးကုသမှုခံယူရတာပါ၊ ဟိုမှာလဲကိုယ့်လိုလူတွေ အများကြီးဆိုတော့ အေးဆေးပါတယ်၊ ညနေပိုင်းဆို ကျနော်တို့ positive လူနာတွေကြည့် အသက်ရှုလေ့ကျင့်ခန်းလုပ်တယ်၊ ခြင်းလုံး ခတ်တယ် ၁၀ရက် လောက်နေတော့အနံ့ပြန်ရတာပဲ၊ အားဆေးတွေကတော့သောက်တယ်၊ ကာကွယ်ဆေးထိုးထား ပြီးသား၊ စဦးဆုံးကတည်း ကထိုးထားတာ၊ ကာကွယ်ဆေးက ကူးစက်မှု ၁၀၀ ရာခိုင်နှုန်း မကာကွယ် နိုင်ဘူး ဆိုတော့ တစ်ခြားမိဘပြည်သူတွေကိုလည်း ကာကွယ်ဆေးထိုးထားတယ်ဆိုပြီး မပေါ့ဆပါနဲ့လို့မှာ ကြားချင်ပါတယ်။”
အေးလင်းထွန်း