မတ္တရာ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသော ပြည်သူများအား ဒုတိယအကြိမ်ထပ်မံ၍ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ ၉ နာရီအချိန်မှ စတင်၍ အထက(မတ္တရာ) အောင်ဆန်းခန်းမ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီး၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရဟန်းသံဃာများ၊ အသက် ၆၅ နှစ် အထက် သက်ကြီးဘိုးဘွားများ၊ ပရဟိတ အသင်းသားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ များမှ အလုပ်သမားများ၊ စျေးသည်များနှင့် ယာဉ်မောင်းများအား ဒုတိယအကြိမ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။
မတ္တရာမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ၆၅နှစ်အထက် (၂၄၉၁)ဦး၊ ပရဟိတ(၄၉၅)ဦး၊ သံဃာ၊ သီလရှင်(၁၄၃)ပါး၊ နိုင်ငံ့ဝန်ထမ်း(၁၁၂)ဦး၊ ပုဂ္ဂလိကစက်ရုံအလုပ်ဝန်ထမ်း(၁၆၇)ဦး၊ ပို့ဆောင်ရေးဝန်ထမ်း(၃)ဦးနှင့် စျေးသည်(၁၉၆)ဦး စုစုပေါင်း (၃၆၂၈)ဦးအား ထိုးနှံပေးပြီးကြောင်းနှင့် ဆေးထိုးရန်ကျန်ဦးနေသူများကိုလည်း စက်တက်ဘာလ ၂၉ရက်နေ့မှ စတင်၍ဦးစား ပေး အဆင့်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)