ကျောက်ပန်းတောင်း စက်တင်ဘာ ၈
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက် ရေရရှိရေး လုပ်ငန်းများ ဖြစ်သော မြေသားရေကန်တူးဖော်မှုလုပ်ငန်း ပြီးစီးမှုအခြေအနေများကို စက်တင်ဘာ(၈)ရက်နေ့ နံနက်ပိုင်းက ညောင်ဦးခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်သည် ကျောက်ပန်း တောင်းမြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့များလိုက်ပါလျက် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးရွာများသောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် မြေသားရေကန်တူးဖော် ဆောင်ရွက်နေသည့် တောင်ဦးကျေးရွာ၊ စိန်ပန်း ကုန်းကျေးရွာ၊ ဇလင်းတောင်ကျေးရွာ၊ ရွာလပ်ကျေးရွာများသို့ ကွင်းဆင်း သွားရောက်ခဲ့ကြပြီး ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများအချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီအောင် တူးဖော်ဆောင်ရွက်ရေး ဆွေးနွေးမှာ ကြားခဲ့သည်။
အဆိုပါ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာ ရေးနှစ် တိုင်းဒေသကြီး(စိုက်ပျိုး ရေ/သောက်သုံးရေ) ရန်ပုံငွေ (၁၁၆ ဒသမ ၄၇)သန်းဖြင့် တင်ဒါဆွဲဝယ်အောင်မြင်ခဲ့သည့်၊ Hein Unity Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး တောင်ဦးကျေးရွာ မြေသားရေကန် (၁၅၀ပေ-၁၅၀ပေ-၃ပေ ၆ လက်မ)ကို ခွင့်ပြုငွေ(၁၆ ဒသမ ၃၃)သန်းဖြင့်လည်းကောင်း၊ စိန်ပန်းကုန်းကျေးရွာ မြေသား ရေကန် (၂၀၀ပေ-၁၀၀ပေ-၆ပေ)ကိုခွင့်ပြုရန်ပုံငွေ(၁၆ ဒသမ ၇၁) သန်း ဖြင့်လည်းကောင်း၊ ဇလင်းတောင်ကျေးရွာ မြေသားရေကန်(၄၀၀ ပေ၊ ၁၅၅ ပေ၊ ၆ ပေ)ကို၊ ခွင့်ပြုရန်ပုံငွေ(၃၇ ဒသမ ၅၅) သန်းနှင့် ရွာလပ်ကျေးရွာ မြေသားရေ ကန်(၄၀၀ ပေ၊ ၁၅၀ ပေ၊ ၆ ပေ)ကို ခွင့်ပြုရန်ပုံငွေ (၄၅ ဒသမ ၈၈) သန်းဖြင့်လည်းကောင်း တူးဖော် ဆောင်ရွက်ပေးနေခြင်းဖြစ် ကြောင်းသိရသည်။
ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရေးအတွက် အဆိုပါ မြေသားရေကန်များတူးဖော်မှု လုပ်ငန်းများကို ဩဂုတ်လဆန်း ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ၊ ယခုအခါ လုပ်ငန်းအားလုံး၏ (၈၅)ရာခိုင်နှုန်းကျော်ပြီးစီး နေပြီ ဖြစ်သဖြင့် ယခုနှစ်မိုးရာသီတွင် လိုအပ်သောရေပမာဏ သိုလှောင်ထားနိုင်ပါက အဆိုပါကျေးရွာ(၄)ရွာရှိ အိမ်ခြေ(၇၆၄)အိမ်၊ လူဦးရေ(၄၃၃၀)ဦးတို့အတွက် နွေရာသီကာလ များတွင်ပါ သောက်သုံးရေဖူလုံစွာရရှိနိုင်ကြမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ပြောသည်။
နေအောင်(ပြန်/ဆက်)