ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျိုင်းတုံ   စက်တင်ဘာ ၈

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ကျိုင်းတုံမြို့နယ်တွင် အတည်ပြုလူနာများ များပြားလာသည့်အတွက် Stay at Home ကြေညာထားပြီးဖြစ်၍ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ တိကျစွာ ကြပ်မတ်ဆောင်ရွက်ရန်၊ အတည်ပြုလူနာများအား စိတ်အားငယ်မှုမရှိစေရေး အထူးဂရုစိုက်၍ ကုသမှုပေးရန်နှင့် ဒေသအတွင်း ကိုဗစ်ကာလ ကုန်ဈေးနှုန်းများမြင့်တက်မှု မရှိစေရေးနှင့် ဆေးဝါးများပြတ်လပ်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က ရှမ်းပြည်နယ်အရှေ့ပိုင်း သည် တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်သည့် ဒေသဖြစ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိညာပေးလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းရင်းသား ဘာသာစကားများဖြင့် နှိုးဆော်ခြင်း၊ ပိုစတာများ ဆိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ရန်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေဖို့ အောက်ဆီဂျင်အိုးများကို လိုအပ်သည့်နေရာများသို့ ဖြန့်ဝေပေးနေမှု အခြေအနေများ၊ ဒေသအတွင်း အတည်ပြုလူနာဆောင်များ၊ အသွားအလာကန့်သတ်ထားရှိဆောင်များ၊ ကျန်းမာရေးစစ်ဆေး ဂိတ်များအတွက် လိုအပ်သော ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုအရေးအသင်းအဖွဲ့များက ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု၊ ကျိုင်းတုံမြို့နယ်အတွင်း ဈေးများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု၊ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆွေးနွေးတင်ပြရာ တြိဂံဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူးက အလှူခံရရှိထားသည့် အောက်ဆီဂျင်အိုး အလုံး ၁၀၀ အား  ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးနှင့် (၃/၃၀၀)တပ်မတော်ဆေးရုံအတွက် ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် PPE ဝတ်စုံ ၄၀၀ စုံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)