ရွှေကူမြို့တွင်   မိုးစပါး ဆင်းဧကရီ -၃( RS to CS) မျိုးသန့်ထုတ် စံပြစိုက်ခင်း၌ မြေသြဇာကျွေး ပညာပေး ကွင်းသရုပ်ပြပွဲနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များထောက်ပံ့ပေးအပ်

ရွှေကူ စက်တင်ဘာ   ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ဘက်စုံအဆင့်မြှင့်နည်းပညာသုံးစံပြကျေးရွာ မိုးစပါးဆင်းဧကရီ-၃( RS to CS) မျိုးသန့်ထုတ် စံပြစိုက်ခင်း၌ ဓာတ်မြေသြဇာကို အကျိုးရှိစွာ သုံးစွဲရေး ပညာပေး ကွင်းသရုပ်ပြပွဲနှင့်  ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်မှုလျာ့ကျပြီး ဟင်းသီးဟင်းရွက်စားသုံးမှု ထိခိုက်မှု မရှိစေရန် ရည်ရွယ်၍  ဟင်းသီးဟင်း ရွက်မျိုးစေ့ထုတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မံဝိန်းကျေးရွာ ကွင်းအမှတ်(၂၈-က) ဦးပိုင်(၃၄)တောင်သူ  ဦးစိန်လွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းသရုပ်ပြဆောင်ရွက်ရာတွင် စိုက်ပျိုးရေးသွင်းအားစုများဈေးနှုန်းကြီးမြှင့်ခြင်းကြောင့် မြေသြဇာသုံးစွဲမှုလျော့ကျလာနိုင်သဖြင့်သီးနှံ အထွက်နှုန်းလျော့ကျမှုမရှိစေရန် မြေသြဇာကို အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် စပါးသီးနှံတွင် အရွက်အရောင်တိုင်းကတ် (Leaf Colour Chart)အသုံးပြု၍ အပင်ဆာမှကျွေးခြင်းဖြင့် ကုန်ကျစရိတ်ကိုသက်သာစေပြီး အကျိုးအမြတ်များစေခြင်း၊ ဓာတ်မြေသြဇာ လေလွင့် ဆုံးရှုံးမှုနည်းပါးစေခြင်း အကျိုးကျေးဇူးများရရှိစေနိုင်ကြောင်း၊ ပု လဲမြေသြဇာနှင့် သဘာဝမြေသြဇာမြေများကို (၁ အချိုး ၃)ရောစပ်၍ အချိုးကျထည့်သွင်းခြင်း ဖြင့် ထည့်သွင်းသည့် မြေသြဇာကို အပင်မှ ပြည့်ပြည့်ဝဝ စားသုံးနိုင်ခြင်း၊ အလေအလွင့်ဆုံးရှုံးမှု နည်းပါးစေနိုင်ပြီးအသီးအနှံ အထွက်နှုန်းကောင်းမွန်စေနိုင်ကြောင်းစိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးလှိုင်မင်းဦးက ရှင်းလင်းဆွေးနွေးပြီး (Leaf Colour Chart) အသုံးပြခြင်းနှင့် ဓာတ် မြေဩဇာများ ကြဲပက်ခြင်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍  ကိုဗစ်-၁၉ကပ်ရောဂါကြောင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု လျော့ကျပြီး ဟင်းသီးဟင်းရွက်စားသုံးမှု ထိခိုက်မှုမရှိစေရန်အတွက် တောင်သူများမိမိတို့ အိမ်ပတ်ဝန်း ကျင်တွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း Home Gardening  ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဟင်းသီးဟင်းရွက် မျိုးစေ့ထုတ်များ ထောက်ပံ့ပေးအပ်ရာ ရွှေကူမြို့နယ်အတွင်းရှိ  မံဝိန်း၊စီသာ၊ စီမော်ကျေးရွာများရှိ တောင်သူ(၈)ဦး ထံသို့ နံနံမျိုးစေ့၊ ပြောင်းချို၊ ကျောက်ဖရုံ၊ ဘုံလုံ၊ ချဉ်ပေါင်၊ ဘူး၊ ခရမ်းသီး၊ ရွှေဖရုံသီး၊ ငရုတ်သီး၊ ရုံးပတီသီးမျိုးစေ့ စသည့်ဟင်းသီးဟင်းရွက်မျိုးစေ့များ ကို   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ဗိုလ်မှူးကျော်မိုးသွင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးလှိုင်မင်းဦး တို့က တောင်သူများလက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရေးနည်းပညာအခက်အခဲ တစ်စုံ တစ်ရာလိုအပ်ချက်ရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးနှင့် ဆက်သွယ်အကူအညီတောင်းခံနိုင် ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ခင်ပပသိန်း၊ ပြန်/ဆက်