ရန်ကုန် စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန်နှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံများနှင့် စျေးဝယ် စင်တာများမှ ဝန်ထမ်းများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံများနှင့် စျေးဝယ်စင်တာများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက် ထိုးနှံသူများ အနေဖြင့် အဆင်ပြေ ချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြနီ အသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတ အသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
“ ကျွန်တော်တို့လို စက်ရုံအလုပ်ရုံ ဝန်ထမ်းတွေကို အခုလို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးတဲ့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျေးဇူး အထူးပဲတင်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လို ဝန်ထမ်းတွေက လုပ်ငန်းခွင်မှာ လူအများနှင့် ပြောဆိုဆက်ဆံ လုပ်ကိုင်ရတာက များပါတယ်။ အဲအတွက် ရောဂါ ကူးစက် နိုင်ခြေကလည်း ရာခိုင်နှုန်းအားဖြင့် များပါတယ်။ ယခုလို ကာကွယ်ဆေးများကို ကြိုတင် ထိုးနှံထားခြင်း အားဖြင့် ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်မှာဖြစ်သလို မြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများမှ ဝန်ထမ်းတွေ အပြင် နေ့စဉ်လူအများနှင့် ပြောဆိုဆက်ဆံ လုပ်ကိုင်ရသူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနှင့်အညီ နေထိုင်ကြပါလို့လည်း တိုက်တွန်းချင်ပါတယ် ” ဟု ကာကွယ်ဆေးလာရောက်ထိုးနှံသူ စက်ရုံဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ၂၀၂၁-ခုနှစ် ဩဂုတ်လ (၂)ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပြီး ၂၀၂၁-ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့အထိ တာမွေမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား ( ၆၄၅၃ )ဦးကိုလည်းကောင်း၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း ( ၁၃၉၃ ) ဦးကိုလည်းကောင်း၊ ပရဟိတအသင်းဝင်(၁၀၇၅)ဦးကိုလည်းကောင်း၊ ဘုန်းတော်ကြီး ကျောင်း/ သီလရှင်ကျောင်းနှင့် ဘာသာရေးကျောင်းများမှ (၃၇၁)ဦးကိုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း (၁၁၄၅)ဦးကို လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းမိသားစု (၂၁၀)ဦးကိုလည်းကောင်း၊ ဟိုတယ်/မိုတယ်နှင့် တည်းခိုခန်းများမှ ဝန်ထမ်း (၁၆)ဦးကိုလည်းကောင်း၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်း(၁၇)ဦးကိုလည်းကောင်း ထိုးနှံပေးနိုင်ခဲ့ကြောင်း နှင့် ယခုအခါ မြို့နယ်အတွင်းရှိ စက်ရုံ / အလုပ်ရုံများနှင့် စျေးဝယ် စင်တာများမှ ဝန်ထမ်း( ၅၈၁ ) ဦးကို နံနက် (၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)