ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ “ ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေ အရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်ဖြစ်သည့် “ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” လက်ကမ်းစာစောင်များအား ယနေ့ နံနက် ၈ နာရီ က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ပြည်သူ့လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ခြင်းအကြောင်းအရာများ၊ လက်ရှိဒေသ၌အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုစာရင်း မရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ခြင်းအကြောင်းအရာများ၊ ရွေ့ပြောင်းနေထိုင်သူများ အတွက် မူလဒေသ အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ခြင်း အကြောင်းအရာများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/ လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်း/ ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ခြင်း အကြောင်းအရာများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အထောက်အထား များ၊ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ စသည်ဖြင့် စုံလင်စွာပါရှိပြီး လက်ကမ်းစာစောင် စောင်ရေ(၂၀၀)အား မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာဖြစ်သည့် စက်တပ်ရေယာဉ်(သမ္ဗန်)ဂိတ်အနီးတွင် ပြည်သူ့လက်ဝယ်အရောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းရီနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် (၉)ရပ်ကွက်ရှိပြီး မြို့နယ် စာရင်းအရ အိမ်ထောင်စု ၉၈၇၉ စု၊ လူဦးရေ ၃၉၇၂၈ ဦးရှိရာ “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်ပြုလုပ်ပေးနိုင်ရေးအတွက် မြို့နယ်(လဝက) ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်ကွက်စာရေးများက သက်ဆိုင်ရာရပ်ကွက်အလိုက် လိုက်လံ စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)