ရွှေပြည်သာမြို့နယ်၌ ရွေ့လျားဈေးကားစနစ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေး

ရွှေပြည်သာ စက်တင်ဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန်၊ ကုန်ဈေးနှုန်းများ ကျဆင်း စေရန်နှင့် ဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားဈေးကားစနစ်ဖြင့် အခြေခံ စားသောက်ကုန်များ    ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ရွှေပြည်သာမြို့နယ်အတွင်းရှိ ထန်းခြောက်ပင် (ပတ္တမြား)ဈေးနှင့် လှော်ကား(နီလာ)ဈေးတို့တွင် ရောင်းချခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ရွှေပြည် သာမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေး တို့ပူးပေါင်းပြီး တာဝန်ရှိသူများက ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ပြည်သူများ လက်ဝယ်အရောက်ရွေ့လျားဈေး ကားစနစ်ဖြင့် ဆန်ချော(၅)ပြည် တစ်အိတ် လျှင် ငွေကျပ်(၈၅၀၀)ကျပ်နှုန်း၊ဆန်ကြမ်း(၅)ပြည် တစ်အိတ်လျှင်  ငွေ ကျပ်(၅၀၀၀)ကျပ်နှုန်း၊စားသုံး ဆီ(၅၀)ကျပ်သား တစ်ဘူးလျှင် ငွေကျပ်(၁၈၅၀)ကျပ်နှုန်း၊ကြက်ဥ(၁၀)လုံးကတ် တစ် ကတ်လျှင်(၁၂၀၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးခဲ့ပြီး ရောင်းချနေမှုများကို ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေး  အဖွဲ့မှ တာဝန်ရှိသူများ၊စည်ပင်သာယာရေးမှ တာဝန်ရှိသူများ၊ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက   ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)