လှိုင်းဘွဲ စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ်(ဧပြီ၊မေ၊ဇွန်)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးများအနေဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အချိန်မဆိုင်းပဲ မြန်မြန် လက်ဝယ်အရောက်ပေးအပ်ရန်၊ သက်ကြီးဘိုးဘွားများ ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြင့် မိမိတို့အတွက် ကုသိုလ်ရသလို သက်ကြီးဘိုးဘွားတို့၏ ဆုတောင်းမေတ္တာပို့သမှုကိုလည်း ကျွန်တော်တို့အတွက် အင်မတန်မှ မွန်မြတ်သည်ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသိန်းဇော်၊ ပိုင်ကျုံမြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်တို့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် အဘိုး(၂၄၅)ဦး၊ အဘွား(၃၅၈)ဦး စုစုပေါင်း(၆၀၃)ဦးအတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၈၀၉၀၀၀၀)ကျပ်၊ ပိုင်ကျုံမြို့တွင် အဘိုး(၁၂၇)ဦး အဘွား(၂၂၇)ဦး စုစုပေါင်း(၃၅၄)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၁၀၆၂၀၀၀၀)ကျပ်နှင့်ရှမ်းရွာသစ်မြို့တွင် အဘိုး(၂၇)ဦး၊အဘွား(၄၆)ဦး စုစုပေါင်း (၇၃)ဦးအတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၉၀၀၀၀)ကျပ်ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများ လက်ဝယ် အရောက် ပြန်လည်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)