နမ္မတူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ၄၀၅ ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၂၁စု ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်

နမ္မတူ စက်တင်ဘာ ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသတွင်အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိ သော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသောသူများ၊ မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ရာ ပန်းခင်းစီမံချက်ဖြင့် မေလ (၃)ရက်နေ့မှ ယနေ့အချိန်အထိ ကြူဆော့ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ဘော်တွင်းကျေးရွာ အုပ်စု၊ ခိုမိုကျေးရွာအုပ်စုနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ် ၄၀၅ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ၂၁စု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသေးသောကျေးရွာ အုပ်စုများသို့လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ထို့အပြင်  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့ စာသားပါ Vinyl ဆိုင်းဘုတ် (၃)ခုအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးအရှေ့ဘက်၊ ပန်ဟိုက် (၃)ရပ်ကွက်တွင် လည်းကောင်း၊ မြို့နယ်လျှပ်စစ်ရုံးအရှေ့ဘက်၊ ပန်ဟိုက် (၃)ရပ်ကွက်တွင် လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး အရှေ့ဘက်၊ ပန်ဟိုက် (၅)ရပ်ကွက်တွင်လည်းကောင်း စိုက်ထူထားရှိပြီးဖြစ်ကြောင်း နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံက သိရသည်။ 

လူမော် (ပြန်/ဆက်)