ရပ်စောက်မြို့၌  ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်ဟုန်မြင့်ဆောင်ရွက်

ရပ်စောက်   စက်တင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်ဟုတ်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ဝင်/ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များနှင့် မြို့တွင်းလမ်းဆုံများ၌ နေအိမ်ပြင်ပထွက်သွား လာသူများအား တာဝန်ရှိသူများက စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိသည်။

စစ်ဆေးမှုများကိုဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်နှင့် စည်ပင်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ်များနှင့် မြို့ပေါ်ရပ်ကွက်စစ်ဆေးရေးဂိတ်များတွင် နေအိမ်ပြင်ပထွက်ခွာသူများအား အပြင် ထွက်ခွင့်ကတ်များ ပါရှိမှု ရှိ/မရှိစစ်ဆေးခြင်း၊ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် အသိပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို  နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့တွင် Stay at home ကာလထုတ်ပြန်ကြေငြာခဲ့ပြီးနောက် ထိုကာလတွင် အပြင်ထွက် ဈေးဝယ်ခွင့် ကဒ်များကို တစ်အိမ်လျှင် ၁ ဦး၊ ဆေးရုံ ဆေးခန်းသွားလာရာတွင် တစ်အိမ်လျှင် ၂ ဦးသာ ထွက်ကြရန်နှင့် အရေးပေါ်ကျန်းမာရေးကိစ္စများမှအပ နေအိမ်ပြင်ပထွက်ခွာသွားလာခြင်း မပြုကြရန် စသည့်စည်းကမ်းချက်များကို ထုတ်ပြန်ကြေညာထားသည်။

အဆိုပါစည်းကမ်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်းများ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)