အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ပင်လောင်း   စက်တင်ဘာ  ၈   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ ရင်မှီးရပ်ကွက်အတွင်းရှိ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ရင်းမှီးရပ်ကွက်ရှိ ဆေးထိုးစုရပ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များအညီ ဆောင်ရွက်ပေးခဲ့သည်။

ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့်ကာကွယ်ဆေး(၈)မျိုးကို ထိုးနှံ၊တိုက်ကျွေး ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံရာတွင် ပထမအကြိမ် ကိုယ်ဝန်လာရောက်အပ်နှံသည့်မိခင်များအား ကိုယ်ဝန်ရာဇ၀င်မေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာ ပေးခြင်း၊ သွေးအားနည်းခြင်း ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ဆီးစစ်ပေးခြင်း၊ ဆစ်ဖလစ် ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်း၊ မိခင်မှသန္ဓေသားသို့ HIV ရောဂါပိုးကူးစက်မှု ရှိ/မရှိ စစ်ဆေးပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ပေးပြီး မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိခင်နှင့်သန္ဓေသားကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သံဓာတ်အားဆေးများပေးခြင်း၊ အဟာရပြည့်စွာ စားသောက်ရေး၊ မိခင်နို့ကောင်းစွာရရှိရေးစသည့်ကိုယ်၀န် ဆောင်ကျန်းမာရေး ပညာပေးခြင်းတို့ကို မိခင်နှင့်ကလေးကျန်းမာရေးဌာန ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)