မင်္ဂလာဒုံ စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း၌ ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးမှုများအား ပြည်သူများသိရှိနိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း ယနေ့နံနက်ပိုင်းက လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက် ရှိသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် စာရင်းပေးရမည့်သူများထံ၌ စာရင်းပေးသွင်းပြီး ဆေးထိုးပေးမည့်နေ့ရက်နှင့် သတ်မှတ်စုရပ်များတွင် ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများက ဒုတိယအကြိမ်ကို သတ်မှတ်ရက်များအလိုက် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသူများ အနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ သွားလာနေထိုင်နိုင်ရေး သတိပြုလိုက်နာဆောင်ရွက်ရေးတို့ကို ပြည်သူများသိရှိနေစေရန် အသိပညာပေး နှိုးဆော်ပြီး ပြည်သူများက ပူးပေါင်းဆောင်ရွက်မှသာ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာမည်ဖြစ်သည့် အတွက် ပြည်သူများမှ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို တိုက်တွန်းနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်ကြရန်၊ မိမိတို့နေအိမ်အတွင်းမှာသာ နေထိုင်ပေးကြရန်၊ ဧည့်သည်လက်ခံခြင်း မပြုရန်၊ မိမိတို့အနေဖြင့်လည်း တခြားအိမ်များ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အပြင်ထွက်ချိန်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာဆေးကြောရန်၊ လူစုလူဝေးနှင့် ဈေးဝယ် ထွက်ခြင်းများ ရှောင်ကြဉ်ရန်၊ မိမိတွင် ကိုဗစ်-၁၉ရောဂါလက္ခဏာများ ပြသလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြသကြရန်တို့ကို အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)