တိုက်ကြီးမြို့နယ်၌ (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း စတုတ္ထမြောက်နေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ

တိုက်ကြီး          စက်တင်ဘာ    ၈

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်း (စတုတ္ထမြောက်နေ့အဖြစ်) ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က  တိုက်ကြီးမြို့နယ် အ.ထ.က(မြို့မ) ကျောင်း၌ စုရပ် (၂)နေရာ၊ ဥက္ကံမြို့ ရွှေကံသာခန်းမ ၊ အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၊ ဖလုံ ကံကုန်း အ.ထ.က ကျောင်း၊ ဖိုးခေါင် ဓမ္မာရုံ နှင့် တော်လတီ အ.ထ.ကကျောင်း စသည့် စုရပ် (၇) နေရာတို့တွင် လာရောက်ထိုးနှံသူ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၅၈၅)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ  ဦးအောင်ကျော်စိုး နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပေးပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးလာရောက်ထိုးနှံသူ ဘိုးဘွားများအား ကာကွယ်ဆေး မထိုးမီအချိန်၊ ကာကွယ်ဆေးထိုးနေချိန် နှင့် ထိုးပြီးချိန်တို့တွင် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်ခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား QR Code ပါဝင်သည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်း မှတ်တမ်းစာရွက်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် (ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ဩဂုတ် ၃၀ ရက်နေ့မှ စတင် ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၇ ရက်နေ့အထိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၆၁) ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး (ဒုတိယအကြိမ်)ဆေးထိုးရန် ကျန်ရှိသည့် မိဘပြည်သူများကိုလည်း သတ်မှတ်ထားသော စုရပ်နေရာများတွင် ဦးစားပေးဦးတည် အုပ်စုအလိုက်   ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)