ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီ​ဆောင်ရွက်​ပေး​​နေ​သော စေတနာ့ဝန်ထမ်း ပရဟိအဖွဲ့သို့ ထောက်ပံ့ငွေများနှင့် ကာကွယ်​ရေးသုံးပစ္စည်းများပေးအပ်

လောင်းလုံး စက်တင်ဘာ ၈

တနင်္သာရီတိုင်း​ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် လုပ်ငန်းများတွင်  တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့သို့ ယမန်နေ့ နံနက် ၁၀ နာရီက ထောက်ပံ့ငွေများနှင့် ကာကွယ်​ရေးသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ​လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက် က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ဖြစ်ပွားမှု ဖြစ်စဉ်တစ်လျှောက် နေရာမရွေး ပိုးသတ်ဆေးဖြန်းခြင်း၊ ပိုးတွေ့လူနာများအား ဝေးလံခေါင်ဖျားသည့်အရပ်မှ ကျန်းမာရေးဌာနသို့ ရောဂါထိန်းချုပ်နိုင်ရေး အချိန်နှင့် တစ်ပြေးညီ သယ်ယူပို့ဆောင်ပေးခြင်း၊ ပြန်လည်ကျန်းမာလာသူများအား ၎င်းတို့နေရပ် အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးခြင်းနှင့် ရောဂါကြောင့် သေဆုံးသူများအား ပို့ဆောင်ကူညီ သဂြိုလ်ပေးခြင်းစသည့် လုပ်ငန်းများတွင် ရောဂါကူးစက်မှု မြှင့်တက်နေသည့်ကြားမှ တက်ကြွစွာ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် လောင်းလုံးမြို့နယ်၊ စေတနာ့ဝန်ထမ်း ပရဟိတ အဖွဲ့ဝင်များအား ကျေးဇူးတင် စကားပြောကြားခဲ့သည်။

ထို့​နောက် ထောက်ပံ့ငွေကျပ်( ၅၅၂၀၀၀၀)၊   ရောဂါထိန်းချုပ်ရေးလုပ်ငန်းသုံး မော်တော်ယာဉ် စက်သုံးဆီအတွက် ထောက်ပံ့ငွေ ကျပ်(၆၇၅၀၀၀၀)၊ စုစုပေါင်းကျပ် (၁၂၂၇၀၀၀၀) နှင့် တန်ဖိုး​ငွေ ကျပ် ၉၅၇၀၀၀ဝ တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်း (၃၁) မျိုးအား တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ကိုယ်စား လောင်းလုံး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ပရဟိတအဖွဲ့ ခေါင်းဆောင်များထံသို့ လွဲပြောင်းပေး အပ်ခဲ့ကြောင်းသိရသည်။

 အဆိုပါ ထောက်ပံ့ငွေနှင့် ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ရာ၌ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အသင်းအဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။