ကျောက်ဆည်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီအသစ် ပြန်လည်ဖွဲ့စည်း

ကျောက်ဆည် စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း အစည်း အဝေးခန်းမတွင် ယမန်နေ့ ညနေ(၃)နာခွဲအချိန်က မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်နှင့် ကြက်ခြေနီလုပ်ငန်းများတွင် စိတ်ပါဝင်စားသူများ တွေ့ဆုံပြီး ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်က ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရခြင်းနှင့် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင် များအနေဖြင့် ကြက်ခြေနီ အခြေခံမှု(၇)ချက်အား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေး ထိရောက်အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများ၏ သဘောတူညီမှုနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီသစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ခရိုင်ကော်မတီဥက္ကဋ္ဌ ဒေါ်သင်းပျံ့ကြူက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိသော ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာသည့်စက်များ၊ Flowmeter များ၊ Mask များ လှူဒါန်းခဲ့မှု အခြေအနေများနှင့် မြို့နယ်များတွင် လုပ်ငန်းလိုအပ်ချက်များရှိလာခဲ့ပါကာ  အောင်မြင်မှုရှိစေရေး ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)