ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဒဂုံမြောက်  စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၌ ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ထားသော ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးလျက် ရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပထမကြိမ်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် အတွင်းရှိ အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များနှင့် ဈေးများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းမှ ဝန်ထမ်း များနှင့် ဒေသခံ ပြည်သူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေး မကျန်ရှိစေရေးအတွက် ဦးစားပေး အစီအစဉ်အလိုက် ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၄၃၃၂  ဦးကို ထိုးနှံပေးပြီး ဖြစ်သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အနေဖြင့် ပထမအကြိမ် ထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆေးအလုံးရေ ၂၀၀၀ နှင့် Sinovac ဆေးအလုံးရေ ၁၀၀၀ ရရှိပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၇ ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၇၄၄  ဦး ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)