တိုက်ကြီး စက်တင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ၌ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အတွင်းရှိ မိဘပြည်သူများအား စားဝတ်နေရေး အထောက်အကူဖြစ်စေရန်နှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရန် ရည်ရွယ်လျက် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောများနှင့် စားသုံးဆီများကို ဈေးကားဖြင့် ဈေးနှုန်း သက်သာစွာ ရောင်းချပေးလျက်ရှိသည်။
ယမန်ရက်နေ့ နံနက် ၁၀ နာရီ အချိန်က တိုက်ကြီးမြို့နယ် ဈေးရပ်ကွက်၊ မြို့လယ်လမ်း၊ မြို့မဈေးနှင့် ပိတောက်ဝါရှေ့တို့၌ ရောင်းချပေးခဲ့ရာတွင် ဆန်ချော (၅)ပြည် တစ်အိတ်လျှင် ငွေကျပ် ( ၈၅၀၀)ကျပ်နှုန်း ၊ ဆန်ကြမ်း ( ၅)ပြည် တစ်အိတ်လျှင် ငွေကျပ် ( ၅၀၀၀)ကျပ်နှုန်း၊ စားသုံးဆီ (၅၀)ကျပ်သား တစ်ဗူးလျှင် ငွေကျပ် (၁၈၅၀) ကျပ်နှုန်း၊ ကြက်ဥ (၁၀) လုံးကဒ် တစ်ကဒ်လျှင် (၁၂၀၀)ကျပ်နှုန်းဖြင့် ပြည်သူများ ထံသို့ ရောင်းချပေးခဲ့သည်။
ထိုသို့ ရောင်းချပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စနစ်တကျ ဝယ်ယူရောင်းချနိုင်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ အဖွဲ့ဝင် (၂) ဦးမောင်မောင်လတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် ဝန်ထမ်းများ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်