မိုင်းပျဉ်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မိုင်းပျဉ်း စက်တင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၁ နှစ် ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်ကာ မြို့လယ်ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းဟွမ်နွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသော  ကိုယ်ဝန်ဆောင်မိခင် များနှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းမပြုမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့်ကိုယ်အလေးချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံ၊ တိုက်ကျွေးသည်။

ယင်းနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်နှင့်အဖွဲ့ဝင်များက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား နှာခေါင်းစည်း(Mask)များအား လည်းကောင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား အိုင်အိုဒင်းဆားများအား လည်းကောင်း၊ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား အာဟာရဖြည့် ပဲနို့ရည်နှင့် မုန့်များအားလည်းကောင်း ထောက်ပံ့ပေးအပ်သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးနှင့် အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ပြင်းထန်တီဘီရောဂါကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး ထိုးဆေးနှင့် သောက်ဆေး၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများ ပါဝင်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)