ကော့သောင်းမြို့တွင် အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ဂျင်ကလိ ပြုလုပ်နေသူတစ်ဦး ဖမ်းဆီးရမိ

ကော့သောင်း   စက်တင်ဘာ ၈

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပုလဲအတွင်းလမ်းတွင် အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ဂျင်ကလိ ပြုလုပ်နေသူတစ်ဦးအား မြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့မွန်းလွဲပိုင်းက ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့က ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပုလဲအတွင်းလမ်း၊ ဒေါ်မြဝင်း၏နေအိမ်တွင် အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ဂျင်ကလိ ပြုလုပ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ ရပ်ကွက်တာဝန်ရှိ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ဒေါ်မြဝင်း၏ သားဖြစ်သူ သားကြီး ဆိုသူအားတွေ့ရှိရပြီး အိမ်အတွင်းဆက်လက်ရှာဖွေရာ နေအိမ်၏မြေအောက်တွင်မြှုပ်ထားသည့် အသင့်ပြုလုပ်ပြီး ဂျင်ကလိ (၃၄)ခု၊ ပြုလုပ်ဆဲဂျင်ကလိ(၃၄)ခု ၊ ဓာတ်ငွေ့ကာမျက်နှာဖုံး တစ်ခု၊ ဖိုင်ဘာဦးထုပ်တစ်လုံး၊ စကေဘာ တစ်ချောင်းနှင့်ဓား တစ်လက်တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ဂျင်ကလိပြုလုပ်နေသူ သားကြီးအား ကော့သောင်းမြို့မ ရဲတပ်ဖွဲ့မှ အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)