တာချီလိတ် စက်တင်ဘာ ၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ခရိုင်နှင့်မြို့နယ်ဦးစီးဌာနရုံးတို့နှင့်အတူ ဌာနဆိုင်ရာများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အသက်(၁၀) နှစ်ပြည့်နှင့်(၁၈)ပြည့် နိုင်ငံသားတိုင်း နိုင်ငံသားလက်မှတ်ကိုင်ဆောင်ခွင့် ရရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ချမှတ် အကောင်အထည်ဖော်လျက်ရှိရာတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ စီမံချက်ကာလအဖြစ်သတ်မှတ်ကာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့စီမံချက်ကို ဆောင်ရွက်ရာတွင် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာ အုပ်စုနှင့် ရန်အောင်မြေ ရပ်ကွက်ရှိ မိဘမဲ့ပရဟိတဂေဟာတို့၌ နိုင်ငံသားကတ်စုစုပေါင်း (၁၀၁၉) ဦးတို့ကို ထုတ်ပေးနိုင်ခဲ့ပြီး မြို့နယ်ဦးစီးဌာနရုံးတွင် နေ့စဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အသက်ပြည့်သူတိုင်းမကာဟိုခမ်း ရပ်ကွက်ရှိ မြို့နယ်(လဝက)ဦးစီးဌာနမှူးရုံးသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း တာချီလိတ်မြို့နယ် လဝက ဦးစီးမှူး ဦးစိုင်းဆမ်တစ်ထံမှ သိရသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များ၊ လက်ထောက်ညွန်ကြားရေးမှူး ဦးသွင်နှင့် ခရိုင်/မြို့နယ်မှ (လဝက)ဝန်ထမ်းများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး အခမ်းအနားပြီးမြောက်ချိန်တွင် ဗိုလ်ချုပ်လမ်းမပေါ်၌ ခရီးသွားပြည်သူများအား အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ယာဆေး