တနိုင်း စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက တနိုင်းမြို့မ စည်ပင်သာယာဈေးကြီးနှင့် ယာယီပျံကျဈေးတို့ရှိ ဈေးသည်နှင့်ဈေးဝယ် ကျား(၄၇)ဦးနှင့် မ (၆၇)ဦး ပေါင်း(၁၁၀) ဦးတို့အား RDT Test Kit ဖြင့် ကိုဗစ်-၁၉ အခမဲ့ စစ်ဆေးပေးခဲ့ရာ အမျိုးသမီး(၂)ဦးတွင် ပိုးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ရှိသူ အမျိုးသမီး(၂)ဦးတွင် ဒူးကောင်းရပ်ကွက်နှင့် ကင်ဆားရာ ရပ်ကွက်နေသူများ ဖြစ်ကြောင်း သိရသည်။ တနိုင်းမြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွင် တနိုင်းမြို့သို့ ဝင်ရောက်လာသည့် ကားကြီး(၂)စီး၊ ကားသေး(၂၆)စီး၊ ခရီးသွားပြည်သူများ ၊ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ အပါအဝင် ကျား(၂၆)ဦးနှင့် မ(၃၆)ဦး ပေါင်း (၁၀၃)ဦးတို့အား RDT Test Kitဖြင့်စစ်ဆေးဆောင်ရွက်ရာ ကျား(၃)ဦးနှင့် မ(၂) ဦး ပေါင်း(၅)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေး တွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့ရှိသူများအား တနိုင်းမြို့ ဟူးကောင်းခန်းမတွင် ထားရှိကုသ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဈေးသည်၊ ဈေးဝယ်များတွင် နှာခေါင်းစည်း စနစ်တကျ မတပ်ဆင်သူများအား စနစ်တကျတပ်ဆင်ကြရန် အသိပညာပေးခြင်း၊ နေအိမ်ပြင်ပထွက်ခွာပါက စည်းကမ်းတကျဖြင့် လိုက်နာကြရန် အသိပညာပေးပြီး နှာခေါင်းစည်း လုံးဝတပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးကာ ထိုသူများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ အခမဲ့ စစ်ဆေး ပေးခြင်းဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးထံက သိရသည်။
မြို့နယ်ကိုဗစ်-၁၉ရောဂါရှာ ဖွေစစ်ဆေးရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဈေးသည်၊ ဈေးဝယ်များအား စစ်ဆေးခဲ့ရာ အဆိုပါ စစ်ဆေးဆောင်ရွက်ရာသို့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်၊ ရပ်မိရပ်ဖဦးဇော်လွမ်းတူးနှင့် မြို့နယ်စည်ပင်သာယာရေးအမှုဆောင် အရာရှိ ဦးမျိုးသန့်ဇင်တို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝါဝါ( ပြန်/ဆက်)