ညောင်ဦး စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ပုဂံမြို့လောကနန္ဒာစာသင်တိုက်နှင့် အလိုတော်ပြည့် ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ယနေ့ နံနက် ၇ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ သွားရောက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်မှု အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် လောကနန္ဒာစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်အပါး ၅၀ ဆယ်နှင့် အလိုတော်ပြည့် ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် ဆယ်ပါးတို့အား ကျောင်းတိုက်သို့ သွားရောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းများ ဆောင်ရွက်ကာ ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ညောင်ဦးမြို့နယ် အနော်ရထာခန်းမတွင် သတ်မှတ်နေရာ (၇)နေရာတွင် စီစဉ်ထိုးနှံ ပေးလျက်ရှိရာ၊ မြို့စွန်မြို့ဖျားနေရာများမှ ညောင်ဦးမြို့ပေါ် လာရောက်ထိုးနှံရာတွင် အခက်အခဲ မဖြစ်ပေါ်စေရန်အတွက် စဉ့်ကူနယ်မြေ၊ ငါ့သရောက်နယ်မြေ၊ တောင်ဇင်း နယ်မြေနှင့် ပုဂံနယ်မြေ၊ လေးနေရာထပ်မံ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က ဆက်လက် ရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD