မိုင်းယန်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ သတ်မှတ်ဆေးထိုးစုရပ်နေရာ အသီးသီးတွင် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအရောက် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမူရေးအသင်းအဖွဲ့များက မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ မိုင်းလွေကျေးရွာ၊ နမ့်မုတ်ကျေးရွာနှင့် ပုံလုံကျေးရွာတို့ရှိ ဆေးထိုးစုရပ်နေရာ အသီးသီးတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက် ပေးပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်တို့က သွားရောက်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ဩဂုတ် ၂၈ ရက်နေ့မှ စက်တင်ဘာ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ(၁၅၅၄)ဦးရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)