ပုံပါကျင်မြို့ “ဝ”အထူးဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ပုံပါကျင်  စက်တင်ဘာ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm  ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများက “ဝ အထူးဒေသရှိ ပြည်သူများအား သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သွားရောက်ထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက် ထိုးနှံကြသည့် ဒေသခံပြည်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။

အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပုံပါကျင်မြို့၌ စက်တင်ဘာလ (၁) ရက်က စ၍ထိုးနှံပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)အုပ်စုတို့မှ ဒေသခံပြည်သူ (၄၃၄)ဦး နှင့် “ဝအထူးဒေသမှ ပြည်သူ(၅၆၉)ဦး စုစုပေါင်းလူဦးရေ (၁၀၀၃) အား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

သန္တာ (ပြန်/ဆက်)