ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ဖွင့်လှစ်ထားသော ကြက်ခြေနီအထွေထွေရောဂါကု(အခမဲ့) ဆေးခန်းအား အလှူရှင်များမှ လာရောက်လှူဒါန်း

ဒဂုံဆိပ်ကမ်း  စက်တင်ဘာ  ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကြက်ခြေနီအထွေထွေရောဂါကု (အခမဲ့) ဆေးခန်းကို ၂၀.၃.၂၀၂၁ ရက်နေ့မှစတင်၍  ယနေ့အချိန်ထိ ဖွင့်လှစ်ကုသပေးလျက်ရှိရာ လိုအပ်သော ဆေးဝါးများအား အလှူရှင်များမှ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ကြက်ခြေနီအထွေထွေရောဂါကုဆေးခန်းအား အမှတ်(၉၄)ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်၊ ပိတောက်လမ်း(A)၊ အာရောဂျံဆေးဆိုင်မှ အလှူငွေကျပ်(၁)သိန်းနှင့် ကြက်ခြေနီ အထွေထွေရောဂါ ကုဆေးခန်းတွင် ကုသိုလ်ယူ အခမဲ့ ဆေးကုသပေးနေသော တာဝန်ခံဆရာဝန် ဒေါက်တာ ဇော်လင်းဗိုလ်မှ လတ်တလော လိုအပ်လျက်ရှိသော ဆေးဝါးများအား လှူဒါန်းခဲ့ကြောင်း သိရသည်။

ကြက်ခြေနီ အထွေထွေရောဂါကုဆေးခန်းတွင် ပြည်သူများလာရောက် ဆေးကုသမှုခံယူလျက်ရှိပြီး တစ်နေ့လျှင် (၅၀)ဦး လက်ခံကုသပေးလျက်ရှိကြောင်းလည်း သိရသည်။

ကြက်ခြေနီ အထွေထွေရောဂါကု(အခမဲ့) ဆေးခန်း ရေရှည်တည်တန့်နိုင်ရေးအတွက် ဆေးဝါး အလှူရှင်များ လိုအပ်လျက်ရှိပြီး လာရောက်လှူဒါန်းပေးသောအလှူရှင်များကိုလဲ အထူးပင်ကျေးဇူး တင်ရှိပါကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်မှ ပြောကြားခဲ့သည်။

ကြက်ခြေနီအထွေထွေရောဂါကု (အခမဲ့)ဆေးခန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်၊ ပိတောက်လမ်း(B)၊ တိုက်(၂၈)၊ အခန်း(၀၀၂)တွင် တစ်ပတ်လျှင် (၃)ရက်၊ နံနက် (၈)နာရီမှ မွန်းတည့် (၁၂)နာရီအထိ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးစန္ဒာကျော်