မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး တိုင်းရင်းသားဘာသာများဖြင့် ကျန်းမာရေးအသိပညာပေး နှိုးဆော်

မိုင်းယု စက်တင်ဘာ   ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို ဒေသခံပြည်သူများသိရှိလိုက်နာရန် တိုင်းရင်းသားဘာသာ စကား ဖြင့် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ရန်၊ တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ တပ်ဆင်သွားလာရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ရေး လုပ်ငန်းများတွင် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်စသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုန်ပြန်သည့် လမ်းညွှန်ချက်များကို အသံချဲ့စက်ဖြင့် နှိုးဆော်ပေးခဲ့ ကြောင်းသိရသည်။

“မိုင်းယုမြို့ ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု မရှိသော်လည်း မပေါ့ဆသင့်ကြောင်း၊ မြို့တွင်းသို့ ထပ်မံကူးစက်ဝင်ရောက်မှုမရှိစေရေးအတွက် မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ သူကြီးများနှင့် ညှိုနိုင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသဖြင့် ဒေသခံပြည်သူများမှ အလေးထားလိုက်နာ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊ မြို့ကိုဗစ်ကော်မတီ၊ အသိပညာပေးဆော်ဩမှု ကြီးကြပ်ရေးအဖွဲ့ ထံမှ သိရသည်။

ခွန်အာကာ