မိုးညှင်း စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့ Quarantine စင်တာတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လာရောက် ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း တေဇ ခန်းမ၌ ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ပေးအပ်ရာ၌ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က
မြို့ပေါ် ရပ်ကွက်/ကျေးရွာများအလိုက် ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို ပူးပေါင်းဆောင်ရွက် သွားကြရန်၊ ရောဂါရှိသည့် နေရပ်မှပြန်လာသူများအား စနစ်တကျ ထားရှိဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ လိုအပ်သည်များရှိပါက တိုက်နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများဖြင့် ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ ရောဂါပိုးတွေ့ လူနာများရှိပါက တင်ပြကြရန်စသည်တို့ကို ဆွေးနွေး ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက မိမိတို့ရပ်ကွက်ကျေးရွာများတွင် ရောဂါပိုးတွေ့ ရှိနေမှုများ၊ Quarantine စင်တာတွင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လိုအပ်ချက်များကို အသီးသီး ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လယ်မှီးကျေးရွာရှိ အထက ခွဲတွင်လည်း Quarantine စင်တာအသစ်တစ်ခု ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြာခဲ့သည်။
ထို့နောက် အထောက်အကူပစ္စည်းများ လာရောက်ပေးအပ်ရာတွင် ဘက်ထရီဆေးဖျန်းပုံး(၁)ပုံး၊ PPE ဝတ်စုံ အထည်(၅၀)၊ Surgical Mask (၁၀)တိုက်၊ RDT Test Kit (၅၀)ခု၊ Lux ဆပ်ပြာ (၁)ဖာနှင့် လော်စပီကာ(၁)ခု စသည်တို့ကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဇော်ဟန်နှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်ရာ နန်းမားမြို့ Quarantine စင်တာမှ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)