မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဘားအံစက်မှုဇုန်အနီး မွေးမြူရေးဇုန်တစ်ခု ဖော်ဆောင်

ဘားအံ စက်တင်ဘာ ၇

 

ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သက်ရောက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးမွေးမြူရေးကို အဓိကထား၍ စီးပွားကုန် ထုတ်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဘားအံစက်မှုဇုန်အနီး မွေးမြူရေးဇုန်တစ်ခုကို ဖော်ဆောင်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲခန့်က ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

 

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက ဘားအံမွေးမြူရေးဇုန်မြေသားလမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေ၊ မြေသား လမ်းပေါ် တွင် Pipe Culvert Box Culvert များ ထည့်သွင်းတည်ဆောက်မည့် အခြေအနေများကို လည်းကောင်း၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူးကြီးဦးသိန်းရွှေက ဘားအံမွေးမြူရေးဇုန်အတွင်း လျှပ်စစ်မီးလိုင်း သွယ်တန်းမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး မြေသားလမ်းဆောင်ရွက် ပြီးစီးမှုအခြေအနေများအား လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ကုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံ ကိုဗစ် ကုသရေး စင်တာ၌ ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အဓိကလိုအပ်သော အောက်စီဂျင်ပိုက်လိုင်း သွယ်တန်းပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဘားအံမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်မိုးအေးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က တပ်ဆင်ပြီးစီးသည့် အောက်စီဂျင်ပိုက်ခေါင်း ၃၀ အပြင် ထပ်မံတိုးချဲ့တပ်ဆင် ဆောင်ရွက်ပေးရန်နှင့် CCTV ကင်မရာများ တပ်ဆင်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ဘားအံမြို့  အမှတ်(၇)နှင့် အမှတ်(၈)ရပ်ကွက် မြို့ရေပေးဝေရေး ရေပိုက်လိုင်းများသွယ်တန်းနေမှုလုပ်ငန်းနှင့် ရေဂါလံ(၅၀၀၀၀)ဆံ့ ရွှေကင်း ရေလှောင် ကန်တို့အား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိ သူများက ရေလှောင်ကန်၊ ရေပိုက်လိုင်းသွယ်တန်းမှုတို့နှင့်ပတ်သက်ပြီး လိုက်လံရှင်းလင်း တင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

 

စောမျိုးမင်းသိန်း