ဒလမြို့နယ်၌  ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ရန်ကုန် စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေး အဆင့်လိုက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများအား ယနေ့ နံနက် က တပင်ရွှေထီးရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌  ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ပုံ- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးနေစဉ်။

ထိုသို့  ကာကွယ်ဆေးထိုးနှံပေးမှုအနေဖြင့်  စက်တင်ဘာလ ၁ ရက်နေ့တွင် ၁၃၅ ဦး၊ ၂ ရက်နေ့တွင် ၃၂၈ ဦး၊ ၃ ရက်နေ့တွင် ၂၀၃ ဦး၊ ၄ ရက်နေ့တွင် ၂၁၀ ဦး၊ ၅ ရက်နေ့တွင် ၁၆၅ ဦး၊ ၆ ရက်နေ့တွင် ၃၄၅ ဦး တို့ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိသည်။

ဒလမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအဆင့်လိုက် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၅၃၂၆ ဦးရှိကြောင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခြင်းကို မပျက်မကွက် လာရောက်ထိုး နှံကြဖို့လိုအပ်ပါကြောင်း၊ ဒုတိယအကြိမ်မြောက် ထိုးနှံပြီးစီးသူများအား ဆေးထိုးပြီးစီးကြောင်း အသိအမှတ်ပြု စာရွက်အား ထုတ်ပေးလျက်ရှိကြောင်းသိရသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။