တန့်ယန်း စက်တင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက မြို့နယ်မီးသတ် ဦးစီးဌာနရုံး၌ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။
အဆိုပါဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လေ့ကျင့်ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြသည်။
မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များသည် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အမြဲတမ်းအသင့်ရှိနေပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင် ရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လျှင်မြန်ထိရောက်စွာ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)