လှိုင်းဘွဲမြို့နယ်သို့ အလှူရှင်များမှ ဝယ်ယူထားသော Oxygen Plant စက်သစ် ရောက်ရှိ

လှိုင်းဘွဲ      စက်တင်ဘာလ ၇

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် အောက်ဆီဂျင်နှင့် ပတ်သက်၍ အခက်အခဲ မရှိစေရန်အတွက် မြို့နယ်သံဃနာယကဆရာတော်များမှ ဦးဆောင်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူထားသော Oxygen Plant စက်သစ်ကို ယမန်နေ့က လှိုင်းဘွဲမြို့သို့ ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။

အောက်ဆီဂျင်ထုတ်စက်ရောက်ရှိနေမှုအား အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ပြီး Oxygen Plant စက် တန်ဖိုး ကျပ်သိန်း(၇၅၀၀)၊ အောက်ဆီဂျင်စက်ရုံထားရှိမည့်နေရာ အဆောက်အအုံအတွက် ကျပ်သိန်း(၄၀၀)၊ အခြားသော ဆက်စပ်ပစ္စည်းများနှင့်ပြီးစီးသည်အထိ တပ်ဆင်ပါက စုစုပေါင်း ကျပ်သန်း (၂၀၀၀)ခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်စက်ရုံကို စက်တင်ဘာလအတွင်းတွင် ပြီးစီးအောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ Oxygen Plant စက်သစ်အား လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက် ရောဂါဖြစ်ပွားနေသည့် လူနာများနှင့် အောက်ဆီဂျင်လိုအပ်သည့် လူနာများ အသုံးပြုန်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အလှူရှင်များနှင့် ရပ်နီး ရပ်ဝေးမှ စုပေါင်းလှူဒါန်းသည့် Oxygen Plant စက်သည် တစ်ရက်လျှင် (၄၀)လီတာအိုး အလုံး(၂၀၀)လုံး ထွက်ရှိမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် လူနာများနှင့်အောက်ဆီဂျင်လိုအပ်သည့် လူနာများ အတွက် အသုံးပြုရန် အခမဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)