ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် မြို့နေလူထုသောက်သုံးရန်အတွက်၊ ငဝစမ်းရေထွက်နှင့်ကြို့ချောင်း ရေထွက်များမှ ရေသွယ်ယူသည့်၊ ၁၀လက်မ ရေပိုက်လိုင်းမှာ မိုးရွာသွန်းမှုများပြားပြီး ချောင်းရေကျဆင်းမှုကြောင့် ချောင်းရေ တိုက်စား ပြတ်တောက်သွားခဲ့သဖြင့်၊ မြို့နယ်စည်ပင်သာယာရေအဖွဲ့အမှုဆောင်အရာရှိ ဦးချမ်းငြိမ်း၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျှက်ရှိကြောင်း အဆိုပါလုပ်ငန်းတွင် ကူညီဆောင်ရွက်နေသည့်မြို့မိ မြို့ဖ တစ်ဦးထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း စက်တင်ဘာ(၂)ရက်နေ့ နံနက်(၂)နာရီခန့်က မိုးသည်းထံစွာရွာသွန်းခဲ့သဖြင့် ဆည်ပေါက် ချောင်းရေကျဆင်းခဲ့ပြီး၊ ချောင်းရေကြောင့် ငဝစမ်းရေထွင့်နှင့် ကြို့ချောင်းရေထွက်တို့မှ ဆည်ပေါက် ရေစုကန် ကြီးသို့ ရေသွယ်ယူသည့် တစ်လုံးလျှင် ပေ(၂၀)အရှည်ရှိသည့် ၁၀လက်မ ရေပိုင်လိုင်းမှ ရေပိုက်များပြတ်တောက်ခဲ့သဖြင့် မြို့လူထုသောက်သုံးရေ ခက်ခဲမှုမရှိစေရေး အမြန်ဆုံးပြန်လည်ပြုပြင်နေကြခြင်းဖြစ်သည်။
“ ပိုက်လိုက်က အဆက်နေရာ(၂)ခု ပြုတ်ပြီး သဲမြုတ်သွားတယ်ဗျ၊ စုစုပေါင်း ပိုက်(၄)လုံးပေါ့။ ချောင်းအောက်ဘက်အထိ ပါသွားတာတော့ မဟုတ်ဘူး၊ အဆက်ပြုတ်ပြီး သဲထဲမြုတ် သွားတာဆိုတော့ ပြန်ရှာပြီး သဲထဲကနေပြန်ဖော်နေရတာပေါ့။ အခုကတော့ သဲထဲကဖော်တဲ့ အဆင့် ပဲရှိပါသေးတယ်။ ဒီပိုက် တွေကို သဲထဲကနေ ဘက်ဟိုးနဲ့ကုတ်ပြီး အပေါ်တင်ရဦးမှာပါ၊ အပေါ်ရောက်မှ ပိုက်တွေကို သန့်ရှင်းရေးပြန်လုပ်ပြီး သူ့နေ ရာနဲ့သူ နေရာတကျပြန်ထားပြီးမှ ဂျွိုင်းဆော်ရမှာပါ..။ ရာသီဥတု အခြေအနေအရ မိုးမရွာဘူး ချောင်းရေမကျဘူးဆိုရင်တော့ စက်တင်ဘာ(၉)ရက်နေ့လောက် လုပ်ငန်းပြီးမှာပါ၊ လုပ်ငန်းစတာကတော့ စက်တင်ဘာ(၃) ရက်နေ့ မနက်ပိုင်းကတည်း ကပါ။ မြို့နေလူထုသောက်သုံးရေ အခက်အခဲမဖြစ်အောင် အမြန်ဆုံး ကြိုးစား ဆောင်ရွက်ပေးသွားမှာပါ” ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ SAE ဦးထက်နိုင်အောင်က ပြောပါသည်။
ကျောက်ပန်း တောင်းမြို့နေလူထုနှင့် မြို့နှင့်အနီးဝန်းကျင် ကျေးရွာများအတွက် သောက်သုံးရေကို အမြင့်ပေ(၄၉၈၁) ပေမြင့်သော ပုပ္ပားတောင်ကြီး၏ သဘာရေထွက်များဖြစ်သည့် ငဝစမ်းရေထွက်၊ ကြို့ချောင်းရေထွက်၊ ရေတင်ရေထွက်နှင့် ရေငန်းရေထွက်များမှ အဓိကထားရယူနေခြင်းဖြစ်ပြီး၊ ၎င်းရေများကို (၁၀)လက်မ ပိုက်လုံးကြီးများဖြင့်သွယ်ယူ၍ ဆည်ပေါက်ကျေးရွာရှိ ရေစုကန် ကြီးများသို့ပေးပို့ကြောင်းနှင့် ဆည်ပေါက်ကျေးရွာတွင် မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် စက်ရေတွင်း(၁၂) တွင်းအနက်မှ လက်ရှိအသုံးပြုနေသည့် စက်ရေတွင်း(၉)တွင်းမှ ထွက်ရှိသည့်ရေနှင့်ပေါင်းစပ်၍ မြို့ပေါ်ရှိ ရေစုကန်ကြီးများသို့ ထပ်ဆင့် ပေးပို့ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ငဝစမ်းရေထွက်နှင့် ကြို့ချောင်းရေထွက်တို့မှ မိုးရာသီကာလများတွင် တစ်နာရီလျှင် ရေဂါလန်(၁၅၀၀၀) ကျော် ထွက်ရှိ၍ မြို့သောက်သုံးရေအတွက် အကျိုးပြုနေခြင်းဖြစ်ကြောင်းသိရပြီး၊ ကျောက်ပန်းတောင်းမြို့နေလူထုနှင့်အနီး ဝန်းကျင် ကျေးရွာ များအတွက် ရေလိုအပ်ချက်မှာ တစ်နေ့လျှင် ရေဂါလန်(၁၂ ဒသမ ၅ သိန်း)ခန့်ဖြစ်သော်လည်း၊ လက်ရှိရေ ထွက်များ နှင့် စက်ရေတွင်းများမှ နေ့စဉ် ရေဂါလန်(၁၀ ဒသမ ၅)သိန်းသာပေးပို့နိုင်ခြင်းဖြစ်ကြောင်းသိရသည်။
နေအောင်