မိုင်းလုံ စက်တင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် (၈.၈.၂၀၂၁)ရက်နေ့၌ ပထမအကြိမ် ကာကွယ်ဆေး ထိုးထားသော ပြည်သူ(၁ဝဝ)ဦးကို ယမန်နေ့နံနက်က မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိ သူများက Sinopharm အမျိုးအစားကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိသော အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ပရဟိတအသင်း၊ ပို့ဆောင်ရေးလုပ်ငန်းနှင့် ဈေးရောင်းသူများကို ထိုးနှံပေးခြင်းဖြစ်ရာ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပြီး ဆေးထိုးခြင်းလုပ်ငန်းများကိုလည်း ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့်အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့ရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးမည်ဆိုပါက မိမိတို့၏ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စာရင်းပေးသွင်း၍ ဆေးထပ်မံရောက်ရှိပါက ထိုးမည့်ရက်ကို အကြောင်းကြားပေးမည်ဖြစ်ကြောင်း မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)