မိတ္ထီလာမြို့နယ်  ကွက်ငယ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင်  ချောင်းကောက်ဆည်ရေ သောက်စနစ်ဖြင့် မိုးစပါးများ စတင်စိုက်ပျိုး 

 

မိတ္ထီလာ စက်တင်ဘာ ၇

 

မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ချောင်းကောက်ဆည်ရေ သောက်စနစ်ဖြင့် မိုးစပါးများ စတင် စိုက်ပျိုးနေပြီဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိုးစပါးကို ဆည်ရေ ၊ ကန်ရေများဖြင့် စိုက်ပျိုး ကြသော်လည်း ဆည်၊ ကန်များ အလှမ်းဝေးသည့် ကျေးရွာများမှာ မိုးကောင်းရေသောက်စနစ်ဖြင့် စိုက်ပျိုး လျက်ရှိရာ မိတ္ထီလာမြို့နယ် ကန်တောင်ရှေ့တန်းအတွင်းရှိ ကုက္ကိုကုန်း၊ လှည်းပွဲ၊ မြာ၊ ကွက်ငယ်ကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများမှာ မိုးစပါးကို ချောင်းကောက်ဆည်ရေသောက်စနစ် ဖြင့် စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ မိုးစပါးများကို စိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးသည့်စနစ်၊ တိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်များဖြင့် စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့စိုက်ပျိုးရာတွင်လည်း သက်တမ်းတိုးသည့် ရက် ၉၀ မျိုးစပါးနှင့် မနောသုခ မျိုးစပါးများကို အဓိက ရွေးချယ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ချောင်းကောက်ဆည်ရေသောက်စနစ်ဖြင့် မိုးစပါးများကို သြဂုတ်လ ပထမအပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိ ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ချောင်းကောက်ဆည်ရေသောက်စနစ်ဖြင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပျော်ဘွယ် မြို့နယ်အတွင်းရှိ ကျေးရွာ(၄၁)ရွာကို အကျိုးပြုလျက်ရှိရာ အဆိုပါ ကျေးရွာများမှ ဒေသခံများက ချောင်းကောက်ဆည်ရေသောက်စနစ်ဖြင့် နှစ်စဉ် မိုးစပါးများကို စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ ချောင်းကောက်ဆည်ရေသောက်စနစ်ဖြင့် မိုးစပါးများကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မိတ္ထီလာမြို့နယ် တွင် စိုက်ပျိုးဧက ၁၇၀၀ နှင့် ပျော်ဘွယ်မြို့နယ်တွင်  စိုက်ပျိုးဧက ၉၀၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)