မိုင်းခုတ် စက်တင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြရာ ၂၀၂၁-၂၀၂၂ ခုနှစ်၌ မိုးစပါးဧကပေါင်း ၆၅၆၇ ဧက စိုက်ပျိုးပြီးစီးထားကြောင်း မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မိုးစပါးများစိုက်ပျိုးရာတွင် ဆည်ရေသောက်နှင့် မိုးကောင်းရေသောက် စနစ်ဖြင့်စိုက်ပျိုးကြရာ လယ်စပါး (၃၆၀၂) ဧက၊ ယာစပါး (၁၈၆၅) ဧကနှင့် တောင်ယာစပါး(၁၁၀၀)ဧကရှိ၍ စုစုပေါင်းမိုးစပါးစိုက်ပျိုးမှု (၆၅၆၇)ဧက ရှိပြီး တောင်ယာစပါးမှာ (၁၃၃)ဧက ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကလျှင် ၆၄ ဒသမ ၇၀ တင်းထွက်ရှိကြောင်း မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဩဂုတ်လနောက်ဆုံးပတ် စာရင်းများအရ သိရသည်။
မိုးစပါးများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစဌေးဝင်းနှင့် ဝန်ထမ်းများက တောင်သူများနှင့် အနီးကပ်ပူးပေါင်း၍ မြေမှန်၊ မျိုးမှန်၊ ရာသီမှန် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မိမိလယ်မြေနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးရကြောင်းနှင့် မိုးစပါးမျိုးသန့်စံပြကွင်း၌ မျိုးကွဲနုတ်ပယ်ခြင်း၊ သွင်းအားစုများ ကြဲပက်ခြင်း၊ ပိုးသတ်ဆေးကို အချိန်မီဖြန်းနိုင်ရေးနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းကို ကွင်းဆင်းဆောင်ရွက်ပြီး မိုးစပါးအထွက်နှုန်းကောင်းစေရေးအတွက် ရှင်းလင်းစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။
အားချာ