ရှမ်းရွာသစ် စက်တင်ဘာ ၇
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒေသနေပြည်သူများ မွေးမြူရေးလုပ်ငန်းများတိုးတက်စေရန်၊ တိရစ္ဆာန်မွေးမြူရေးနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် ရောဂါများအကြောင်းကို သိရှိစေရန် ရည်ရွယ်၍ အခြေခံမွေးမြူရေးသင်တန်းကို ယမန်နေ့က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရှိရသည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဒေါက်တာအောင်မြင့်ဟန်က မွေးမြူ ရေးလုပ်ငန်းများတိုးတက်စေရန်၊ ဝက်အနာရောဂါကင်းရှင်းစေရန်၊ တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်းကို ဒေသနေပြည်သူများ ဗဟုသုတရရှိစေရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပညာပေးသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပျားမွေးမြူရေး ပြည်နယ်တာဝန်ခံဒေါက်တာ ကျော်ကျော်လင်းနှင့် လှိုင်းဘွဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာစိုးအောင် တို့က ကြိုတင်သတိပြုစရာဝက်များတွင် ဖြစ်ပွားတတ်သော အာဖရိကအပြင်းဖျား ဝက်ရောဂါများ အကြောင်း သိကောင်းစရာများ၊ အာဖရိကအပြင်းဖျားဝက်ရောဂါနောက်ခံသမိုင်းကြောင်းများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ ကူးစက်ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ခြင်း နည်းလမ်းများစသည့် တိရစ္ဆာန်မွေးမြူရေးအကြောင်းသိကောင်းစရာများကို ပို့ချခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းတွင် ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့်မြို့ပေါ်အနီးအနားရှိ ကျေးရွာများမှ ဒေသနေ ပြည်သူများတို့အား စက်တင်ဘာလ(၆)ရက်နေ့မှ (၉)ရက်နေ့အထိ (၃)ရက်တာကာလ သင်တန်းပို့ချပေး သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)