တာလေမြို့၌ “တားဆီ၊ကယ်တင်၊ကူညီရေး၊လူကုန်ကူးခံရသူအသံနားထောင်ပေး” အသိပညာပေး ဆိုင်းဘုတ် စိုက်ထူ

တာလေ  စက်တင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့တွင် တာချီလိတ်ခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့နှင့် တာလေမြို့ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍တားဆီး၊ကယ်တင်၊ကူညီရေး လူကုန်ကူးခံရသူအသံနားထောင်ပေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တာလေမြို့အတွင်း ယနေ့နံနက် ၁၀ နာရီအချိန်က တာလေ တံတားထိပ်တွင် စုပေါင်း ဆောင်ရွက်ကြသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် နဝမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာတားဆီး၊ ကယ်တင်၊ ကူညီရေး၊ လူကုန်ကူးခံရသူအသံ နားထောင်ပေး” အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကြောင့် စီးပွားရေးခက်ခဲနေမှုများကို အကြောင်းပြု၍ လူကုန်ကူးမှုများ မဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာချီလိတ်ခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ(တပ်ဖွဲ့စိတ်မှူး) ဒုရဲမှူး ဝင်းတင့်ထံမှသိရသည်။

အဆိုပါ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်ကို တာချီလိတ်ခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (တပ်ဖွဲ့စိတ်မှူး)ဒုရဲမှူးဝင်းတင့် နှင့်အဖွဲ့များ တာလေမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်းစိုက်ထူကြပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေကြကာ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)