နေပြည်တော် စက်တင်ဘာ ၆
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ “မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်” တွင်ရှိသည့် ဘုရားစေတီများ၊ သာယာလှပသည့် သဘာဝပတ်ဝန်းကျင်များ၊ လေ့လာဖွယ်ရာ အထင်ကရနေရာများ၊ ဒေသအစားအစာများနှင့် ဒေသထွက်ကုန်များအပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် စက်မှုလက်မှု လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများကို ရိုက်ကူးထုတ်လွှင့်ခြင်းအားဖြင့် အများပြည်သူ ဗဟုသုတအဖြစ် သိမြင်ခံစားနိုင်စေရန်ရည်ရွယ်၍ “မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်” အစီအစဉ်ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲ တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း နှင့် ဦးမြင့်စိုးတို့က “မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်” အစီအစဉ်ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရေးအတွက် စနစ်တကျစီမံ ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ရိုက်ကူးမည့်အစီးအစဉ်များကို ပြည့်ပြည့်စုံစုံဖြစ်စေရေး အတွက် ဆွေးနွေးပေးစေလိုကြောင်း အမှာ စကားပြောကြားကြသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဦးဝင်းထွဋ်အောင် က ရိုက်ကူးရေး လုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင် က “မြန်မာနိုင်ငံ၏မြို့တော်နေပြည်တော်” အစီအစဉ် ရိုက်ကူးထုတ်လွှင့်ပြသမည့် ကဏ္ဍ(၉)ခုနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးပြီး အစီအစဉ်ထုတ်လွှင့်ပြသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင် ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ “မြန်မာနိုင်ငံ၏မြို့တော်နေပြည်တော်” အစီအစဉ် အခန်းကဏ္ဍ(၉)ခု အနေဖြင့် တန်ခိုကြီးဘုရားစေတီများနှင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဘုရာများ၊ နေပြည်တော် စည်ပင်သာယာလှပသည့် ပုံရိပ်မြင်ကွင်းများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဒေသထွက် ကုန်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆည်မြောင်းတာတမံများ၊ ကမ်းပြိုကာကွယ်ရေးကဏ္ဍ၊ သစ်တောနှင့်ပတ်ဝန်း ကျင်ကဏ္ဍ၊ အထင်ကရနေရာများ(ဗဟုသုတရှာမှီးရာပြတိုက်များ)၊ အထင်ကရနေရာများ (ခရီးသွားလည်ပတ် အပန်းဖြေရာနေရာများ)၊ စက်မှုလက်မှုလုပ်ငန်းများ (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ) စသည်တို့ကို ရိုက်ကူးထုတ် လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)