ကျောက်ဆည်မြို့နယ် သင်တောင်ကြီးကျေးရွာတွင် နဂါးမောက်ပင်များ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ သင်တောင်းကြီးကျေးရွာတွင် စိုက်ပျိုးထားသော နဂါးမောက်ပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

နဂါးမောက် စိုက်ပျိုးမည်ဆိုပါက ဦးစွာ အကျယ်(၃)ပေ၊ အနက်(၃)ပေ မြေကျင်းများ တူး၌ သဘာဝ မြေဆွေးများထည့်ပေးရကြောင်း ၊စိုက်ပျိုးရာတွင် တိုင်ထောင်ပြီးစိုက်ပျိုးရသဖြင့် နှစ်ရှည်ခံတိုင်များ၊ ကွန်ကရစ် တိုင်များအသုံးပြုကာ လေဝင်လေထွက်ကောင်းမွန်စေရေး အတွက် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၈)ပေအကွာစိုက်ပျိုးရပြီး  စိုက်ပျိုးပြီး (၃)လအကြာတွင် အပင်ခြေများ၌ သဘာဝမြေဆွေး၊ နွားချေး စသည်တို့နှင့်အတူ အာမိုမြေဩဇာများဖြူးပေးရကြောင်း၊ ရေကြိုက်နှစ်သက်သည့်သီးနှံဖြစ်သောကြောင့် အစိုဓာတ် အမြဲရရှိစေရေးအတွက် ရေသွင်းပေးရကြောင်းနှင့် ရာသီဉတုပူပြင်းပါက အပင်များပေါ်သို့ ရေဖျန်း ပေးရကြောင်း သိရှိရသည်။

နဂါးမောက်ပင်စိုက်ပျိုးရာ၌ စိုက်ပျိုးပြီးတစ်နှစ်အကြာတွင် စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းချ ရာတွင်လည်း အသီးအကြီးအသေးအပေါ်မူတည်၍ ငွေကျပ်(၂၀၀)မှ (၃၀၀)ကျပ် ရောင်းချရကြောင်းနှင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်သည့်သီးနှံတစ်မျိုးဖြစ်ကြောင်း နဂါးမောက်ပင်များ စိုက်ပျိုးထားသည့် သင်တောင်ကြီးကျေးရွာမှ ဦးကျော်လှိုင်ကပြောပြ၍ သိရှိရသည်။

တင်တင်ထွေး