မိတ္ထီလာ စက်တင်ဘာလ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်း မိတ္ထီလာ တက္ကသိုလ်ရှေ့တွင် လမ်းလယ်ကျွန်းနှင့် လမ်းမီးတိုင်များ စိုက်ထူးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပစေရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် အတွက် မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်း မိတ္ထီလာတက္ကသိုလ် ရှေ့တွင် လမ်းလယ်ကျွန်းနှင့် လမ်းမီးတိုင်စိုက်ထူခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့ ဘတ်ဂျတ်ဖြင့် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်း မိတ္ထီလာပညာရေး ကောလိပ်မှ မိတ္ထီလာတက္ကသိုလ်အနောက်ဘက် အပေါက်ကျော်အထိ အရှည် ပေ ၂၀ ၊ အကျယ် ၂ ပေ ၊အမြင့် တစ်ပေရှိ လမ်းလယ်ကျွန်း (၄၀)ခု၊ လမ်းမီးတိုင် (၂၀)နှင့် Opple LED 120w မီးသီးများ ထွန်းခြင်းတို့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါ လမ်းလယ်ကျွန်းနှင့် လမ်းမီးတိုင်စိုက်ထူခြင်းလုပ်ငန်းကို ယခု စက်တင်ဘာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၁၉-၂၀၂၀မူလရန်ပုံငွေတို့ဖြင့် လမ်းလယ်ကျွန်းမီးတိုင်များ စိုက်ထူခြင်းကို မြို့ပေါ်အချက်အခြာကျသော နေရာများဖြစ်သော ရန်ကုန်-မန္တလေးလမ်းမကြီးအတိုင်း သာစည်လမ်းဆုံထိပ်မှ ရန်မျိုးအောင်လမ်းဆုံ (ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန)အထိ လမ်းမီးတိုင်များ စိုက်ထူခြင်းအပြင် မိတ္ထီလာ-မြင်းခြံလမ်းအတိုင်း ဝန်ဇင်းကန်ဘောင်နှင့် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းပေါ်ရှိ စည်ပင်ရိပ်သာအဝင်လမ်း စသည့် နေရာများကို လမ်းမီးတိုင်များ စိုက်ထူခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)