ခေါင်လန်ဖူး စက်တင်ဘာ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်သည် ဝေးလံခက်ခဲပြီးသွားလာရေးခက်ခဲသည့် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး မဂွေဇ-ခေါင်လန်ဖူးမြို့ (၆၅)မိုင် (၄)ဖာလုံ လမ်းဖောက်လုပ်ခြင်းစီမံကိန်းအား နယ်စပ်ရေး ရာ၀န်ကြီးဌာန၏ခွင့်ပြုရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဖောက်လုပ်လျက်ရှိရာ စက်တင် ဘာ(၃)ရက်နေ့တွင် တစ်ကြောင်းထိုး ကားလမ်းဖောက်လုပ်မှု ခေါင်လန်ဖူးမြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ခေါင်လန်ဖူးမြို့သို့ ရောက်ရှိလာခြင်းကြောင့် တာဝန်ရှိသူများနှင့်ဒေသခံပြည်သူများ၏ ရင်တွင်းဖြစ် စကားသံများကို ယခုလိုစုစည်းတင်ပြအပ်ပါသည်-
(၁)ဦးဒီပါမောင်
ဒုတိယအင်ဂျင်နီယာမှူးကြီး
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မဂွေဇ-ခေါင်လန်ဖူးလမ်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကစ၍ အပိုင်း(၄)ပိုင်းခွဲပြီး (၅)နှစ် စီမံကိန်းချမှတ် လုပ်ဆောင်ခဲ့ပါတယ်။ (၁)မဂွေဇ-ငါ့လုံဒမ်း၊(၂)ငါ့လုံဒမ်း-ဆန်းလွတ်ချက် တောင်ထိပ်၊ (၃)ဆန်းလွတ်ချက်တောင် ထိပ်-ရီဒမ်း၊ (၄)ရီဒမ်း-ခေါင်လန်ဖူးဆိုပြီး အပိုင်း(၄)ပိုင်းခွဲ၍ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့ရာ မြေ သားလမ်းအကျယ်(၂၄)ပေ ရအောင် ဖောက်လုပ်ခဲ့ပါတယ်။ အခက်ခဲဆုံးအပိုင်းကတော့ ငါ့လုံဒမ်း-ဆန်းလွတ် ချက်တောင်ထိပ်ပိုင်းနှင့်ဆန်းလွတ်ချက်တောင်ထိပ်-ရီဒမ်းပိုင်းကအခက်ခဲဆုံး အပိုင်းတွေဖြစ်ပါတယ်။ အဲဒီအပိုင်း တွေမှာတော့ ကျွန်တော်တို့ ကျောက်တောင်တွေကို မိုင်းခွဲရပါတယ်။ တောင်ထိပ်၏ ရာသီဥတုအခက်ခဲကိုလည်း ရင်ဆိုင်ရပါတယ်။ အဲလိုအခက်ခဲများကို အဓိကကျော်ဖြတ်ရပါတယ်။ ကျန်တဲ့အပိုင်းမှာကတော့ မလွယ်ကူပေမဲ့ ခက်ခဲတဲ့အပိုင်းတော့သိပ်မရှိခဲ့ပါဘူး။ ယခုလိုဆောင်ရွက်ရာတွင် ၂၀၂၁ -ရီဒမ်းအပိုင်းထိတော့(၁၂)ပေ ကျောက် ခင်းလမ်း(၄၄)မိုင်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ကျန်တဲ့မိုင်(၂၀)ကျော်ကိုတော့ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်မှာ ဆက် လက်ဆောင်ရွက်သွားပါမယ်။ ခေါင်လန်ဖူးမြို့ထိ တစ်ကြောင်းထိုးရောက်ရှိခဲ့တဲ့အတွက်ကြောင့် ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့တဲ့ကျွန်တော်တို့ ဝန်ထမ်းတွေအနေနဲ့ရော ဒေသခံပြည်သူတွေအတွက် အတိုင်းမသိဝမ်းမြောက် ဂုဏ်ယူပါတယ်။
(၂) ဦးပဇယ်ဖူ
စက်ရုံတာဝန်ခံ
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ
ကျွန်တော်ကတော့ ခေါင်လန်ဖူးမြို့၊ ရပ်ကွက်(၃)တွင် နေထိုင်သူအနေကြာဝန်ထမ်းတစ်ဦးဖြစ်ပြီး နာမည်ကတော့ ဦးပဇယ်ဖူဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ခေါင်လန်ဖူးသို့ ကားလမ်းရောက်လာတဲ့အတွက် အင်မတန်ဝမ်းသာတဲ့အကြောင်းနဲ့ အရင်ကခက်ခဲခဲ့တဲ့အကြောင်းတွေကို ပြောချင်ပါတယ်။ ၂၀၀၄-၂၀၀၅ ကစပြီး ကျွန်တော်ဒီမှာနေခဲ့ပါတယ်။ အဲဒီချိန်တုန်းက လမ်းပန်းဆက်သွယ်ရေးအင်မတန်ခက်ခဲပြီး ဆန်၊ အခြားကုန် ပစ္စည်းများအလွန်ရှားပါးတဲ့ဒေသဖြစ်ခဲ့ပါတယ်။ ဆန်(၁)အိတ်ကိုတစ်သိန်းရှစ်သောင်းနဲ့ ဝယ်စားနေရတဲ့ ခေတ်ဖြစ်ပါတယ်။ ဤဈေးနှုန်းဟာဆိုရင် အင်မတန်မြင့်မားလွန်းတဲ့ဈေးနှုန်းဖြစ်ပါတယ်။ လစာတစ်ခုလုံးဟာ ဆန်၊ ထမင်းတစ်နပ်နဲ့ ကုန်ဆုံးရခြင်းဖြစ်ပြီး ဟင်းဝယ်စားရန် ငွေမကျန်တဲ့ခေတ်ဖြစ်ခဲ့ပါတယ်။ ဒီလိုကုန်ဈေးမြင့် မားရခြင်းအကလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ သို့သော်လည်းယခုချိန်မှာ နိုင်ငံတော်အစိုးရက မျက်နှာသာပေးပြီး ခေါင်လန်ဖူးမြို့ကို လမ်းဖောက်ပေးလာတော့ တဖြည်းဖြည်း ကားလမ်းနီးလာလေ ဆန်ဖိုးနှင့် အခြားကုန်ပစ္စည်းများလည်း ဈေးသက်သာလာခဲ့ပါတယ်။ ယခုချိန်မှာတော့ အရင်တစ် သိန်းရှစ်သောင်းတန် ဆန်တစ်အိတ်ကိုခြောက်သောင်းလောက်နဲ့ စားရတဲ့အခွင့်ကို ရရှိလာပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအကြီးအကဲများ၊ ကုမ္ပဏီများနှင့် လက်တွေ့လုပ်ကိုင် ဖောက်လုပ်ပေးနေတဲ့ ပုဂ္ဂိုလ်များအရောက်ဆီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ ကားလမ်းရောက်လာတဲ့အတွက် စားဝတ်နေရေးနည်းနည်း အသက်ရှူ ချောင်သလိုခံစားရပြီး အင်မတန်ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံ၏ မြောက်ဘက် အစွန်ဆုံး အမြင့်ဆုံးမြို့ဖြစ်တဲ့ ခေါင်လန်ဖူးမြို့မှပူတာအိုသို့သွားရောက်ရန် ဝန်ထမ်းများ၊ ပြည်သူများဟာဆိုရင် ရိက္ခာတစ်ကိုယ်စာ၊ အိပ်ယာ လိပ်ထမ်းပြီး တောင်တက်ရ၊ ပင်ပန်းဆင်းရဲစွာ (၁၃-၁၄)ရက်ကြာလမ်းလျှောက်ခဲ့ရပါတယ်။ ဒါပေမယ့်ယခုချိန်မှာ ကျွန်တော်တို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/မများ ၊ပြည်သူများ သွားရေးလာရေး အဆင်ပြေသွားပြီး ဝန်ထမ်းများသည်လည်း ပူတာအိုသို့ အထက်လူကြီးများနှင့်သွားတွေ့ဖို့ အဆင်ပြေချောမွေ့သွားပြီဖြစ်လို့ ကျေးဇူးတင်ထိုင်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
(၃) ဦးဒခွမ်ဖေရမ်
ဒေသခံရပ်မိရပ်ဖ
ရပ်ကွက် (၄)၊ခေါင်လန်ဖူးမြို့
ကားလမ်းရောက်လာတော့ ခေါင်လန်ဖူးမြို့နယ်မှာနေထိုင်သည့် ပြည်သူလူထုအားလုံးသည် အားရ ဝမ်းသာမဆုံးဖြစ်နေပါတယ်။ နောက် (၄-၅)နှစ်လောက် ကားလမ်းမရောက်လာခဲ့ရင် ပူတာအိုဘက် ရေကြည်ရာ မြက်နုရာသို့ပြောင်းသွားကြမှာသေချာပါတယ်။ ဒါပေမဲ့အခုတော့ ပြည်သူလူထုတွေ ကားလမ်းရောက်လာလို့ ခေါင်လန်ဖူးမှအခြားဒေသသို့ပြောင်းချင်တဲ့စိတ်က နည်းနည်းငြိမ်သွားပြီလို့ပြောလို့ရပါတယ်။ ယခုကားလမ်း ရောက်လာတော့ ကျွန်တော်တို့ အားလုံး အဆင်ပြေလွယ်ကူမည့် အချိန်ရောက်လာပြီလို့ယုံကြည်မိတယ်။ အရင်ကားလမ်း မရောက်ခင် ခေါင်လန်ဖူးမှ ပူတာအိုအထိ ခြေလျင်ဖြင့် (၁၀)ရက်ကျော် ကိုယ့်ရိက္ခာကိုယ် ထမ်း၍ လျှောက်ခဲ့ရပြီးအရမ်းဒုက္ခရောက်ခဲ့ရပါတယ်။ ပူတာအိုမှအထမ်းကြီးထမ်းပြီးပြန်လာရ၊ လမ်းမှာရိက္ခာကုန်သွား သော်လည်း ကိုယ့်ဒေသသို့ မရောက်နိုင်ခဲ့ပါ။ ဒါပေမဲ့ ယခု ကားလမ်းရောက် လာတော့ ကျွန်တော်တို့ဒေသအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလာပြီး ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး အဆင်ပြေလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ယခုလိုကားလမ်းဖောက်လုပ်ပေးတဲ့ နိုင်ငံတော်အစိုးရ၊ကုမ္ပဏီများနှင့် သက်ဆိုင်ရာ လူကြီးများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ အားလုံးပေါ်မှာ ဘုရားရှင် ကောင်းကြီးပေးပါစေ။
(၄) ဦးဂျေယော်ရဲ့ဆဲ
ဒေသခံရပ်မိရပ်ဖ
ရပ်ကွက်(၃)၊ခေါင်လန်ဖူးမြို့
ခေါင်လန်ဖူးမြို့နယ်သည် လွန်ခဲ့သည့်နှစ်များမှာတော့ ဝေးလံခေါင်းဖျားပြီး အဖက်ဖက်မှာ နောက်ကျနေတဲ့မြို့ဖြစ်ပါတယ်။ဒါပေမဲ့ကားလမ်းပေါက်လာပြီး မြို့ပေါ်အထိ စက်ယန္တရားများ ရောက်ရှိလာတဲ့အခါတော့ ပြည်သူများက မဖော်ပြနိုင်သော ဝမ်းသာပီတိများဖြစ်နေကြပါတယ်။ ဒီလိုရောက်ရှိလာခြင်းကလည်း အဆင့်ဆင့် နိုင်ငံတော်အကြီးအကဲများ၏ စီမံအုပ်ချုပ်ပေးမှုများကြောင့် ဝေးလံခေါင်ဖျားသော်လည်း မြို့ပေါ်ထိ ကားလမ်းရောက်အောင် ဖောက်ပေးတဲ့အတွက် ပြည်သူများအားလုံးကိုယ်စား ကျွန်တော်အထူး ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ယခင်ကားလမ်းမပေါက်သေးခင် ခေါင်လန်ဖူးမှပူတာအိုသွားဖို့ဆိုရင် ခြေလျင်ဖြင့်(၁၀)ရက် ကျော် ကိုယ့်အိပ်ယာလိပ်၊ ကိုယ့်ရိက္ခာကိုယ်ထမ်းကာ သွားရပါတယ်။ ယခုကားလမ်းရောက်လာတော့ သွားရေးလာရေးအဆင်ပြေလာပြီး ဆိုင်ကယ်ဖြင့် နေ့ချင်းပေါက်သွားနိုင်သည့် အနေအထားသို့ရောက်ရှိလာပါတယ်။
ယခင်ဆိုရင်လမ်းပန်ဆက်သွယ်ရေးခက်ခဲတဲ့အတွက်ကြောင့်မို့ ကျန်းမာရေးအပိုင်းမှာလည်း အရေးပေါ် လူနာရှိလာပြီဆိုရင် လူနဲ့ပဲထမ်းပိုးနေရတဲ့အတွက်ကြောင့် လမ်းတစ်ဝက်မှာ အသက်ဆုံးရှုံးခဲ့တဲ့ ဝန်ထမ်းများ၊ ပြည်သူများလည်းရှိခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲရာကနေပြီး ယခုဆက်သွယ်ရေးကောင်းမွန်လာ တဲ့အခါကျတော့ ကျန်းမာရေး၊ ပညာရေးပိုင်းမှာ ပိုမိုတိုးတက်လာနိုင်ပြီး ကုန်ပစ္စည်းသယ်ဆောင် ရောင်းချတဲ့ အပိုင်းမှာလည်း ဈေးသက်သာစွာ ဝယ်ယူစားသောက်ရတဲ့အနေအထားရှိလာနေပါသည်။ လူဦးရေနည်းတဲ့မြို့ ဖြစ်သော်လည်း နိုင်ငံတော်အကြီးအကဲများ၏ဆောင်ရွက်မှုကြောင့် တစ်နိုင်ငံလုံး၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ကျေးလက်နှင့် မြို့ပြကွာဟမှုမရှိစေရေး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုသည့် နိုင်ငံတော်၏မူအရ ကျွန်တော်တို့၏ ဒေသကိုလည်း နိုင်ငံတော် အကြီးအကဲများ၏ စေတနာဖြင့်ဆောင်ရွက်ပေးနေသည်ကို ပြည်သူလူထုအားလုံး လည်းသိရှိနားလည်ရပါသည်။ ဒါကြောင့်မို့ အဓိကဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အဆင့်ဆင့် တာဝန်ရှိသူနှင့် စီမံကိန်းရေးဆွဲပေးပြီး အကောင်အထည်ဖော်ပေးတဲ့ နယ်စပ်ရေးရာဝန်ကြီး ဌာနမှ တာဝန်ရှိသူများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ဒါ့ပြင်လက်တွေ့ အကောင်အထည်ဖော်ပေးတဲ့ နတလဦးစီးဌာနနှင့် လပြည့်ဝန်း ကုမ္ပဏီများကိုလည်း ကျေးဇူးတင်ရှိပါသည်။ ယခုချိန်မှစ၍ ပညာရေး၊ကျန်းမာရေး၊လူမှုရေးဘက်စုံဖွံ့ဖြိုးတိုး တက်မှုကို ဒီထက်မက ရရှိနိုင်လိမ့်ဟု မျော်လင့်ရင်း နိဂုံးချုပ်အပ်ပါသည်။
စုစည်းတင်ပြသူ- မြို့နယ်ပြန်/ဆက်(ခေါင်လန်ဖူးမြို့)