ကမမောင်းမြို့၌ မြို့အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ပထမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကမမောင်း သြဂုတ် ၁၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီခွဲအချိန်က မြို့အဆင့်ဌာန ဆိုင်ရာများ စုပေါင်း၍ ပထမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာကမမောင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ပင့်ဖိတ်ထားသောဆရာတော်၊ သံဃာတော် (၉) ပါးအား ဌာနဆိုင်ရာတာဝန်ခံများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ကမမောင်းမြို့၊ အမှတ် (၂) ရပ်ကွက် ဆွေမြတ်မျိုးကြွယ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးသိရိဓမ္မကမြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊မြို့မိ၊ မြို့ဖများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း၏အကျိုးကျေးဇူးများအကြောင်းကို တရားဒေသနာဟောကြားပေးခဲ့သည်။ ဝါတွင်းကာလအတွင်း ကမမောင်းမြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း (၉) ကျောင်းမှ ဆရာတော်၊ သံဃာတော်များအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသန့်နှင့် ဌာနဆိုင်ရာတာဝန်ခံများက ဝါဆိုသင်္ကန်းများ၊ လှူဖွယ်ပစ္စည်းများ၊ ဝထ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)