မိုင်းဆတ် စက်တင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မြို့မဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ရက်လွန်အေးခဲအသား၊ ငါးနှင့် ဒေသကြက်များရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၆)နာရီခွဲက တာဝန်ရှိသူများ ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် အသား၊ ငါးဝယ်ယူစားသုံးသူများ စိတ်ချယုံကြည်စွာ ဝယ်ယူစားသုံးနိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရောင်းချရေး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးပြီးသော ဝက်သား၊ အမဲသား များကို သာ ရောင်းချရေး၊ သတ်မှတ်ရက် ကျော်လွန်သော အေးခဲအသား၊ ငါးများ လုံးဝရောင်းချမှုမရှိစေရေး၊ ဝယ်ယူစားသုံးသူများ အတွက် ကျန်းမာရေးထိခိုက်စေနိုင်သော အသား၊ ငါးများ ရောင်းချမှုရှိကြောင်း စစ်ဆေးတွေ့ရှိပါက လုပ်ငန်းလိုင်စင်နှင့် ဈေးရောင်းချမှုရပ်ဆိုင်းသည့် အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက အသိပညာပေးပြောကြားခဲ့ သည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦး၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူနှင့် တာဝန်ရှိသူတို့ က ပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)